Thursday, November 29, 2012

မခိုင်ကြီး နဲ့ တညတာ


ခြောက်နာရီခွဲမှ စမယ့်ပွဲကို ခြောက်နာရီမထိုးခင်တည်းကရောက်သွားတာတောင် အမျိုးသားကဇာတ်ရုံအ၀မှာ လူတွေတန်းစီပြီး ၀င်နေကြလေရဲ့.. အို အိုး ဇွဲကောင်းကြချက်.. မီးချစ်တို့က လေးယောက်အုပ်စု.. 22 နိုဝင်ဘာက လက်မှတ်ရောင်းတာ တော်ဝင်စင်တာရယ် junctionရယ် သူ့အမရွှေဆိုင်ခွဲတွေရယ် မန်းသီရိတေးသံသွင်းရယ် တဲ့.. အဲ့နေ့သိသိချင်းညနေပဲ တော်ဝင်စင်တာသွားဝယ်ပါရဲ့ မရလိုက်ဘူး.. ဒါနဲ့ နောက်နေ့ 23 ရက်နေ့ ရုံးကနေအသာလစ်ပြီး junctionတွေ ရွှေဆိုင်တွေလျှောက်မွှေရတာပေါ့.. မရဘူးကွယ်.. ဟယ် စိတ်ပျက်လိုက်တာ.. တအားကြည့်ချင်ပါတယ်ဆို.. တေးသံသွင်းပြေးရလောက်အောင်လဲ အချိန်ကမကျန်တော့.. ငိုတောင်ချင်တယ်.. အရမ်းလုပ်ချင်ဖြစ်ချင်နေတဲ့ ကိစ္စတစ်ခု အဲ့လိုအဆင်မပြေတော့ ၀သီအတိုင်းမျက်ရည်လေးတော့ ၀ဲလိုက်ရမှ.. ရုံးကိုပြန်လာပြီး စားပွဲရှေ့စိတ်လေလေနဲ့ထိုင်နေတုန်း ဖုန်းဝင်လာရဲ့ သူငယ်ချင်းတစ်ယောက်ဆီက.. ဟယ် သူငယ်ချင်းမရေတဲ့ ငါခု မန်းသီရိတေးသံသွင်းရှေ့မှာရောက်နေတယ်.. မနက်ဖြန်ပွဲအတွက်လက်မှတ်လာဝယ်တာ.. မရှိတော့လို့တဲ့.. နင်ရော 28 မခိုင်ကြီးပွဲအတွက် လက်မှတ်ရလား ဘာလိုသေးလဲလို့တဲ့... ကြည့်စမ်း ကြည့်စမ်း.. ဘယ်နတ်ကောင်းနတ်မြတ်က မစလိုက်ပါလိမ့်.. အေး အေး ငါ့ကိုလေးစောင် ရတဲ့အတန်းက၀ယ်ခဲ့ပေးပါဟယ်လို့.. ခဏနေကျတော့ သူပြန်ဆက်တယ် အောက်ထပ်ကတော့ တစ်ခုံမှမကျန်တော့ဘူးတဲ့ အပေါ်ထပ်ပဲရတယ် ယူမလားတဲ့.. အေးပေါ့ ရရာပဲပေါ့လို့.. ဒါနဲ့ 7000 တန်းကို လေးယောက်တွဲမကျန်တော့လို့ မနည်းဝယ်လိုက်ရတယ်ဆိုပဲ.. ဘာပဲဖြစ်ဖြစ်လေ ကိုယ်သိပ်ကြည့်ချင်တဲ့ ကိုယ့်ခရေဇီ ထွန်းအိန္ဒြာဗိုလ် ပွဲလက်မှတ်လေးရလိုက်ပြီကိုး.. ပျော်လိုက်တာ.. သွားတွေအကုန်လုံးဖြီးလို့.. ယောကျာ်းကိုလည်း ဖုန်းလှမ်းဆက်ပြီး ကမန်းကတန်း ဖြစ်စဉ်ကိုရှင်းပြရတာအမော.. မျှဝေတာပေါ့နော်..
ကဲ နိုဝင်ဘာ 28ရက်နေ့ 27နှစ်ပြည့်မွေးနေ့လေးလဲဖြစ် တန်ဆောင်မုန်းလပြည့်ညလည်းဖြစ်ပြန် ကိုယ်သိပ်ကြိုက်တဲ့ရှိုးပွဲလေးလဲ ကြည့်ရ.. သာယာပေစွ.. သာယာပေစွ
ဝယ်မရလိုက်တဲ့လက်မှတ်တွေကတော့ မှောင်ခိုတွေလက်ထဲမှာပေါ့လေ.. လက်မှတ်လိုသလား လက်မှတ်လိုသလားနဲ့ လိုက်မေးနေကြတယ်.. ဘယ်လောက်နဲ့ရောင်းပါလိမ့်လို့ သိချင်လိုက်တာ.. မမေးရဲဘူး.. တော်ကြာယူမယ်ထင်ပြီး အတင်းလိုက်ကပ်နေမှာစိုးလို့.. မယူပြန်တော့လည်း သူ့အပျော်ခေါ်တယ်ဆိုပြီး စိတ်ဆိုးသွားဦးမယ်.. ဒါနဲ့ပဲ လေးယောက်သား ခန်းမထဲသို့အောင်မြင်စွာ ၀င်လာခဲ့ကြတယ်ပေါ့.. သြ မိတ်ဆက်ပေးရဦးမယ်နော်.. မီးချစ်တို့လင်မယားအမိုက်စားလေး နှစ်ယောက်ရယ် (ဟီ ဟိ ဘလက်ဆင်တူနဲ့လေ).. အဒေါ်နဲ့ဦးလေး လင်မယားရယ်.. အင်း နှစ်တွဲလေးယောက်ပေါ့..
7နာရီနားနီးတော့ ပွဲကစပါပြီခင်ဗျာ.. မခိုင်ကြီးလှချက်ဗျာ ဒီဇိုင်နာသိပ်တော်တာပဲ.. သူ ၀တ်လေ့ဝတ်ထမရှိတဲ့ အရောင်တောက်တောက်တွေကို ဒီဇိုင်းဆန်းဆန်းဂါဝန်လေးတွေ ကျောက်တွေတပ်ထား စလိုက်ကထိုးလိုက်ရင် တကိုယ်လုံးလက်လက်ကိုထနေတာပဲ.. လှလိုက်တာ. လှလိုက်တာ.. ဘောင်းဘီနဲ့အကျီအတွဲလေးတွေလဲပါတယ်.. စကပ်နဲ့အတွဲလည်းပါတာပဲ.. စုစုပေါင်းရှစ်စုံလဲတယ်.. အကုန်လုံးကြည့်ကောင်းတယ်.. သူ့ထုံးစံအတိုင်း သူ့အဒွန့်အဒန့်လေးတွေနဲ့လည်း ကသေးတာပေါ့လေ.. ဒါနဲ့ ကိုလူမင်းစီစဉ်တဲ့ ဇာတ်လမ်းပုံစံလေးတွေလည်း ပြသေးတယ်သိလား.. အနောက်က LED အကြီးကြီးမှာပေါ့.. စစဆုံးအပိုင်းလေးကို အရမ်းသဘောကျတယ်.. မခိုင်ကြီးတို့အိမ်မှာပေါ့ သူ့သားသားက စကိတ်လေးစီးပြီး ဟိုဟိုဒီဒီ အဲ့ချိန်မှာ မခိုင်ကအပြင်က၀င်လာ သားသားကိုခေါ်တယ် မထူးဘူး လှည့်လည်းမကြည့်ဘူး.. နောက်တော့ မခိုင်အမျိုးသားက အပေါ်ထပ်ကဆင်းလာတယ်.. သားသားကို မိုးချုပ်နေပြီ ဆော့တာရပ်တော့အိပ်မယ် ဘာညာပေါ့.. မခိုင်ကခေါ်ပြန်ရော.. ကိုအောင်မင်းထွန်းရေပေါ့.. သူလည်းလှည့်မကြည့်ဘူး အဲ့အချိန်မှာသားသားကအပေါက်ဝဘက်ကိုလှည့်ကြည့်လိုက်တယ်.. တံခါးကပွင့်နေပြီးလေတွေဝင်နေတယ်.. သူတို့က မခိုင်ကိုမမြင်ရဘူး.. ကိုအောင်မင်းထွန်းက တံခါးလာပိတ်လိုက်တယ် မခိုင်ကိုယ်လုံးကို ဖောက်ထွင်းပြီးဖြတ်သွားတယ်.. မခိုင်လွန့်ခနဲယိုင်သွားတာပေါ့.. သြ အဲ့ဒါ ၀ိညဉ်လို့သိလိုက်တယ်.. မခိုင်ကလည်း သိလိုက်ပြီနဲ့ထင်တယ် သားသားရေ သားသားရေဆို အော်လိုက်တာလေ.. အရမ်းငိုချင်တာပဲ.. မခိုင်မျက်နှာကို close up ပြတယ်.. မျက်လုံးမှာမျက်ရည်တွေအပြည့်နဲ့ ဆုံးရှုံးလိုက်ပြီ သားသားကိုသူပြန်မရတော့ဘူး.. မိခင်တစ်ယောက်ရဲ့အကြီးမားဆုံးနစ်နာမှု ယူကျုံးမရအောင်ဝမ်းနည်းမှုကိုအပြည့်ထည့်ထားတယ်.. သိပ်တော်တယ်ဗျာ.. မခိုင်ကို အဲ့ဒါတွေ ခရေဇီဖြစ်တာ.. ဘာပဲလုပ်လုပ် moodအပြည့်.. အဲ့ဒီလိုလိုက်ပါစီးမျောနေတုန်းမှာပဲ ၀မ်းရွန် ၀မ်းရွန်ဆိုပြီး ဆေးရုံအရေးပေါ်ကားအသံနဲ့ နောက်တစ်ကွက်ကိုဆက်ပြတယ် ကားပေါ်မှာလူနာကမခိုင်.. သူစဉ်းစားတယ်ပေါ့.. ဒီလိုအချိန်မျိုးမှာ သူ့ဝိညာဉ်ကနောက်တစ်ဘ၀ကို ကူးမသွားခင်မှာပေါ့လေ (သူပေးချင်တဲ့messageက ဘာလဲတော့မသိဘူး ကိုယ်နားလည်သလိုတွေးလိုက်တာ) အလှူပွဲကြီးတစ်ခုလုပ်မယ်ပေါ့ မြန်မာပြည်သူပြည်သားတွေအတွက်ပေါ့.. အဲ့လို အဲ့လို အစကလေးက.. ကဲ မမိုက်လား
ပွဲနာမည်ကိုကလည်း Charity Live ပါတဲ့.. ဒီနေရာတွေကိုလှူမယ်
၁။ ကချင်ပြည်နယ် စစ်ဘေးရှောင်သူများ
၂။ ရခိုင်ပြည်နယ်ရှိ ဘေးဒုက္ခကြုံတွေ့နေကြရသူများ
၃။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
၎။ ကလေးဆေးရုံကြီး
၅။ (ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်
၆။ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ နှင့်
၇။ (ဒေါ်ဖြူဖြူသင်း ဦးဆောင်သော) HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး

Sky Net ကနေလည်း Live လွှင့်သေးတယ် ဖုန်းနံပါတ်လေးတစ်ခုကိုကြော်ငြာထည့်ပေးထားပြီးတော့.. အလှူရှင်တွေက လှမ်းလှမ်းလှူနေကြသေးတာ.. မခိုင် အကျီတစ်ခုနဲ့တစ်ခု အလဲမှာ ကိုအရိုင်း၊ ကိုငှက်ပျောကြော်၊ ကိုဝက်မ တို့က ထွက်ထွက်လာပြီး အလှူရှင်စာရင်း ကြေငြာပေးကြတာပေါ့လေ ဟာသလေးဘာလေးလုပ်ရင်းပေါ့.. ဦးဇာဂနာလည်း အစပိုင်းမှာ လာကြေငြာပေးသေးတယ်..Sky Net နဲ့ Alpineကတင် သိန်းတစ်ရာစီ လှူတယ်ဆိုပဲ.. သာဓုခေါ်မိပါတယ်..
ဟာသလေးတွေကလည်း အတော်ရီရသား.. လူကြီးဆေးရုံတို့ လှည်းတန်းဂုံးကျော်တံတားတို့ဆို အရီရဆုံးပဲ.. :D ..

ပွဲစဉ်တောက်လျှောက်က အရမ်းကိုပြည့်စုံပါတယ်.. တစ်ခုပဲ.. သီချင်းဆိုနေတုန်းကို ပန်းစည်းတွေ ပန်းကုံးတွေ လက်ဆောင်တွေတက်ပေးကြ.. ပေးတယ်ဆိုလည်း ပေးပြီးပြန်ဆင်းတာမဟုတ် ဓါတ်ပုံတွေကတွဲရိုက်ကြသေးတယ်.. စိတ်ပျက်ဖွယ်.. သူများတွေကြည့်နေတယ်လေ.. ဟိုမှာလည်း အဆိုတော်က သီချင်းဆိုရင်းတန်းလန်း သူတို့ကင်မရာဘက်ကို ပြုံးပြးရ သူတို့ကဖက်ထား နမ်းကြလို့ ဟန်အနေအထားတွေပျက်ယွင်း ဘယ်လောက်များ ကသိကအောက်ဖြစ်လိုက်မလဲ.. အမလေး စိုင်းစိုင်းတို့အလှည့်အဆိုးဆုံးပေါ့ ပျိုမဒီတွေ စင်ပေါ်မှာပလူပျံလိုပေါ့.. သြ သြော် ဘယ်နေရာရောက်ရောက်လေ လူဆိုတာတော့ လူပါပဲ နေရာတိုင်းသူ့အတ္တနဲ့... သူများကိုမကြည့်ပေးတတ်တဲ့သူတွေကလဲ အမြဲရှိနေဦးမှာပါ..
အဲ့လိုနဲ့ပဲ မခိုင်ရဲ့ပွဲလေးဟာ အရှိန်မှန်မှန်လေးနဲ့ ချီတက်နေတာပေါ့လေ.. LED နဲ့သူနဲ့ တစ်ယောက်တစ်လှည့်လည်း ဆိုသေးရဲ့.. ကိုယ့်အကြိုက်ဆုံး မချစ်ရင်မနေနိုင်တာကလွဲလို့လေးကိုလည်း သူကအရင်ထွက်လာဆိုတယ် တစ်ကြောင်းနှစ်ကြောင်းအပြီး တစ်ဖက်ကန့်လန့်ကာထဲဝင်သွားတော့ LEDကနေ ဧည့်ခန်းထဲကို သူကရောက်သွားတဲ့ပုံ ပေါ်လာရော.. အိုး မိုက်တယ်နော်..
ဦးခင်မောင်တိုးသီချင်းလဲဆိုသေးတယ်.. ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်တောင် ငြိမ်သက်လိုက်ကြသေး အားလုံးတူတူ..

သာယာကျေနပ်ဖွယ် ပွဲလေးရဲ့အဆုံးပိုင်းကိုရောက်တော့ လောလောဆယ်ကောက်ခံရရှိထားသော အလှူငွေ သိန်းခုနှစ်ရာကျော်တောင်ရပါသတဲ့ သက်ဆိုင်ရာနေရာတွေအတိုင်း လက်ခံပေးသူတွေကို အသီးသီးပေးအပ်တာပေါ့.. ပီတိဖြစ်ပေစွ..
အဲ့လိုပီတိတွေ စိတ်လှုပ်ရှားမှုတွေနဲ့ အဆက်မပြတ်သီချင်းအပုဒ်တိုင်းကို လိုက်အော်ဆိုစီးမျောပြီး 12နာရီခွဲမှာ အမျိုးသားကဇာတ်ရုံကနေ ထွက်ခွာလာခဲ့ကြပါတယ်.. (မသွားလို့လည်း မရတော့ဘူးလေ ပွဲကပြီးနေပြီ).. ဗိုက်ဆာတယ်ဆို မုန့်ဝင်စား အိမ်ပြန်ရောက်တော့ တစ်နာရီခွဲနေပေါ့.. အေး အေး အိပ်ဦးမှ အိပ်ဦးမှ မနက်ရုံးတက်ရဦးမယ်လေ.. အိပ်မက်ထဲကိုလည်း ထွန်းအိန္ဒြာဗိုလ်လေး အလည်လာဦးမလားမသိဘူး.. ဟိ အိပ်ပြီနော်.. နိုက်ဂွတ်

Wednesday, November 28, 2012

အသိမကြွယ် ဘလော့ငယ်


ဘလော့လေးကို ဖေ့ဘွတ်မှာ ကြေငြာချင်တယ်.. ဒါမဲ့ ကြောက်တယ်.. အဲ့ဒီလောကမှာက စာရေးကောင်းတဲ့ အားကျရတဲ့ ဘလော့ဂါတွေ အများကြီးပဲ.. ဘားမှမတောက်တခေါက် မရေးတတ်ပဲနဲ့ ၀ါသနာကို အာသာပြေ ဘလော့ရေးမိတဲ့ မီးချစ်ကို ကဲ့ရဲ့နေမှာလားလို့ပေါ့...
ကြောက်စရာရှိတာကိုပဲ ကြောက်.. ရှက်စရာရှိတာကိုပဲ ရှက်.. မလိုအပ်ပဲနဲ့ အမြဲ ရှက်မနေကြောက်မနေနဲ့ လို့ ပြောတဲ့ အဖိုးရဲ့စကားကို သတိရတယ်.. ခုကျ အဖိုးလည်း မရှိတော့ပါဘူး.. အဖိုးရဲ့ မြေးဦး မီးချစ်ကြီးတော့ အရင်လို ထုံနပေအရိုးစွဲအကျင့်တွေနဲ့ စမ်းတ၀ါးဝါး လမ်းသွားနေတုန်းပဲ အဖိုးရေ...
၇ နှစ်ရက်ဆီပဲ ကြာမယ်ဆိုတဲ့ ချီးမွန်းခြင်း ကဲ့ရဲ့ခြင်းတွေကို သာယာနေတုန်း ၀မ်းနည်းနေတုန်း ခံစားနေတုန်းပဲ..
တခြားသူရဲ့အမြင်ကို သိပ်ကြည့်ပြီး..
မနာလိုတိုက်ခိုက်ခြင်း ခံရရင် သိပ်အားငယ်စိတ်မကောင်းဖြစ်တတ်တယ်..
စိတ်ပျော့တယ်လို့ လူတိုင်းက မှတ်ချက်ပေးတတ်ပေမယ့်.. မာချင်လည်း လူတစ်ယောက်ကို တစ်သက်လုံးလှည့်မကြည့်ပဲ ထိုသူဟာ လူပါလို့ အသိမှတ်မပြု ချစ်သည်မုန်းသည်မရှိ မခံစားပဲ နေတတ်တာကျတော့ရော...

ဘယ်လိုပဲဖြစ်ပါစေ ခုတော့ ဘလော့လေးကို လူမသိ သူမသိ တိတ်တိတ်လေး ခြယ်သနေဦးမယ်...
တချိန်ချိန်တော့ ငါ့ဘလော့လေးလဲ အများတကာလို လူဝင်ဆန့်နိုင်ပါစေလို့ ဆုတောင်းရင်း..............


ဘလော့လေးရေ
အချိန်ခါတွေကို ရေတွက်
အတွေ့ကြုံတွေ ရင့်ကျက်အောင် ကြိုးစားရင်း
အရှေ့ကို ဖြည်းဖြည်းချင်း တက်လှမ်းပါနော်

ဘလော့လေးရေ
အတွန်းထိုး အတိုက်အပုတ်တွေ ကြားမှာ
ယိမ်းယိုင်လမ်းမှား လမ်းပျောက်မသွားပါစေနဲ့ကွာ ♥♥



ဒီပို့စ်ကိုရေးသာရေးတယ်.. သူ့ဘလော့ကို သိပ်လူသိစေချင်တယ်လို့များ ထင်နေမလားလို့ စဉ်းစားနေသေးတာ
သြ ခက်ပါရဲ့ :)

Saturday, November 10, 2012

ကမန်းကတန်း တမနက်တာ




အိုးမိုင်ဂေါ့ ကိုးနာရီထိုးပြီ။ သေတော့မှာပဲ။
သံချောင်းခေါက်သံ ကိုးနာရီတိတိကြားမှ ကမန်းကတန်း စောင်တွေအတင်းတွန်းဖယ်ပြီး တပ်မက်လှစွာသော အိပ်ယာထဲမှ ရုန်းထွက်ရသည်။ မနက်ကိုးနာရီလေ။ အိမ်နားမှာက နေ့နေ့ညည သံချောင်းခေါက်တတ်သည်။ အချိန်သိအောင် သံချောင်းပဲနားထောင်ဖြစ်သည် အိပ်ခန်းထဲမှာ နာရီမရှိ။ အမြဲနောက်ကျတတ်သူ ငါးမိနစ်ဖြစ်ဖြစ် ဆယ်မိနစ်ဖြစ်ဖြစ် အချိန်ခိုးလိုက်ရမှကျေနပ်သူအတွက်တော့ နာရီတွေကို မုန်းသည်လေ။ ဒါမဲ့ အချိန်တွေနဲ့လည်း ကင်းကွာလို့မှ မရပဲဟာကို နော်။
ရေးချိုးခန်းထဲအတင်းပြေး ရေးမချိုးနိုင်တော့ သွားတိုက်မျက်နှာသစ်ပြီး ဘားမှလည်းမလိမ်းနိုင် အ၀တ်ဗီရိုထဲက ထင်ရာမြင်ရာဆွဲဝတ် (ထင်ရာမြင်ရာ ကိုယ့်စတိုင်လ်လေ.. အိုးပါဂါးနားစတိုင်တော့ မဟုတ်ဘူးနော် :D) အိပ်ထဲကိုလည်း ဘာတွေကောက်ထည့်မိမှန်းမသိဘူး သေချာတာတော့ ဖုန်းနဲ့အိမ်သော့ကို ပါအောင်ယူလိုက်တယ် ဆိုတာပဲ။ ရုံးချိန်က မနက်ကိုးနာရီအတိ။ မနေ့ကတင် ဘောစိက ကိုးနာရီရောက်အောင်လာကြဖို့ အီးမေးလ်အပို့ခံရတဲ့ ရုံးနောက်ကျသူ selection ငါးယောက်ထဲမှာ ကိုယ်က နံပါတ်နှစ်နေရာ ချိတ်တယ်လေ။ ဂုဏ်ယူပါတယ်ပေါ့နော်။ ပူပူနွေးနွေး အဆုံးမလေးကိုမှ အားမနာ ဒီနေ့ချက်ချင်းကြီးနောက်ကျလို့ကောင်းပါ့မလား။ တက်စီကိုကမန်းကတန်း ရရာဈေးနဲ့ငှား (ငါးရာတော့ စစ်လိုက်သေးတယ်)မြန်မြန်သာမောင်းပေးပါလို့ ပြောလိုက်တယ်။ မောင်းရှာပါတယ်။ ကားပေါ်မှာ မျက်နှာပြောင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို တစ်ခုခုလေး ဖုံးဖိရိုက်အုပ်မလို့ဟာကို ဟိုဘက်ကိုပါသွားလိုက် ဒီဘက်ကိုပါသွားလိုက်နဲ့ ကားကလူးနေတော့လေ ပါးဆိုပြီးလက်ကသွားတာ နှာခေါင်းရောက်လိုရောက်၊ နှာခေါင်းဆိုပြီးသွားပြန်တော့ မျက်စိထိုးမိလိုထိုးမိနဲ့ တော်တော့ဟယ် ဆိုပြီး နချရယ်ဘူးသီးလေးပဲ နေလိုက်တော့တယ်။ မြန်မာပြည်ရဲ့ traffic jam ကလည်းတော်တော်ဆိုးပါတယ်လေ။ ကားတွေကဈေးကျလေတော့ ၀ယ်ကြမောင်းကြပေါ့ စည်းကမ်းကမရှိ ဒီရက်ပိုင်း တော်တော့ကိုလမ်းပိတ်တာပါ။ ဒါမို့ ကိုယ်ကားမ၀ယ်တာ :D ဒီနေ့တော့ လေးဆယ့်ငါးမိနစ်လောက်သွားရတဲ့ ခရီးကို နာရီဝက်နဲ့ရောက်သွားတယ်လေ မဆိုးပါဘူး။ စိတ်မောလူမော နဲ့ ရုံးရောက်မှပဲ သက်ပြင်းချနိုင်တယ်။ နောက်ကျပြန်ပြီဆိုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်ကြသေးတယ်။ ခပ်တည်တည်ပဲလေ ကိုယ်က အရည်ထူပါတယ်။ ။

Friday, November 9, 2012

ကိုယ် blog ရေးဖြစ်ပြီ


Blog ရေးဖြစ်ပါပြီ အရမ်းဝမ်းသာရပါတယ်.. 2007 ခုနှစ်တည်းက ဘလော့ရေးချင်နေခဲ့တာလို့ပြောရင် ယုံပါ့မလားပဲ.. အဲ့ဒီတုန်းက ရှမ်းပြည်မှာ အလုပ်လုပ်ပါတယ်.. မိသားစုနဲ့ဝေးနေပြီး သူစိမ်းများကြားမှာ သူများနဲ့သိပ်သဟဇာတ မဖြစ်တတ်တဲ့ ကိုယ်က စာတွေပဲလှိမ့်ဖတ်ဖြစ်တယ်လေ.. အဲ့အချိန် ဘလော့ခေတ်လို့လဲ ပြောလို့ရလောက်အောင် မြန်မာဘလော့တွေ သိပ်ခေတ်စားနေတော့ကာ ဆရာ့ဆရာဘလော့ကာကြီးများအိမ်မှာ မမမီးချစ်တစ်ယောက် တ၀ဲလည်လည်ပေါ့..
မသိတဲ့ဘလော့ကာမရှိ မရောက်ဖူးတဲ့ဘလော့မရှိ.. ဘလော့ရေးချင်လိုက်တာလဲ တအား နဂိုတည်းက စာရေးဝါသနာပါခဲ့တာကိုး.. ၀တ္ထုတစ်ပုဒ်ရေးဖူးတယ် အဆုံးမသတ်တတ်တော့လို့ တန်းလန်းထားလိုက်ရတယ်.. ဟေ ဟေ့ ရှစ်တန်းတုန်းကပေါ့ (အဲ့ကတည်းက ကိုယ့်ဇာတ်ကိုယ်မနိုင်ခဲ့တာ နော်).. ကိုယ့်ကိုယ်ကို စိတ်ပျက်ပြီး စာရေးဖို့ငါ အစွမ်းအစမရှိပါဘူးဆိုပြီး ပြစ်ထားလိုက်တော့တယ်.. စာတော့ဖတ်နေတုန်းပါပဲ.. 2007ကျပြန်တော့ ဘလော့အတွက် ဘယ်သူ့မေးစမ်းရေးရမှန်းမသိ ကွန်ပြူတာဆိုတာလည်း ကိုယ်သိပ်မကျွမ်းကျင်ခဲ့လေတော့ကာ မရေးဖြစ်ခဲ့ဘူးပေါ့..

၇န်ကုန်ပြန်ရောက်ပြီးတော့ ပိုးကသေသွားခဲ့တယ်.. ကျန်းမာရေးက မကောင်းဖြစ်လိုက်သေးတာကိုး..နေပြန်ကောင်းတော့လည်း စား၊၀တ်၊နေ ရေးဆိုတဲ့ မွေးရာပါ ၀ဋ်နာကံနာကြီးသုံးခုအတွက် လှုပ်ရှားရုန်းကန်ရင်း စာရေးဖို့ကို မလှည့်နိုင်ခဲ့ပါဘူး.. ကိုယ့်ကိုယ်ကိုဖြည့်ရ ရှိပြီးသားအတတ်ပညာ အသိပညာတွေကို ပြန်အသုံးချရနဲ့ ဘ၀ ဆိုတာ မောကိုမောပါတယ်လေ.. ခုတော့ ရေးတော့မယ်.. မည်သို့ပင်ဖြစ်စေကာမူ ရေးပြီကွယ်.. 2012 မေဒေးနေ့မှာ အိမ်ထောင်သည်အဖြစ် ဘ၀ပြောင်းခံယူပါတယ်.. ထမင်းဟင်းဆိုတာ စားပွဲခုံပေါ်ကရတာ ဖွထားသမျှတွေဟာ သူ့အလိုလိုရှင်းသွားတယ်လို့ ထင်မှတ်ထားခဲ့သူတစ်ယောက်အဖို့ အိမ်ရှင်မဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွယ်ကူပါ့မလားနော်. ဒီလိုနဲ့ပဲ ကိုယ်ဘလော့တွေပေါ် ပြန်ရောက်ခဲ့တယ် အချက်အပြုတ်များလေ့လာရန် အိမ်ထောင်ထိန်းသိမ်းမှုများသိစေရန် အများတကာအိမ်ရှင်မများ၏တနေ့တာကို အတုယူရန်ပေါ့.. ကဲ ကိုယ့်ဘလော့ပိုးလေး ပြန်ထိုးလာခဲ့ပြီတည်း..

ပင်ပန်းတယ် အိမ်ထောင်သည်အမျိုးသမီးတစ်ယောက် အိမ်အလုပ်ဟုခေါ်သော လက်ညှိုးထိုးပြရန်မလွယ်ပေမယ့် အလွန်ပင်ပန်းလှစွာသော အလုပ်များအပြင် ကိုယ်ပိုင်ဝင်ငွေကို ရူးသွပ်စွာနဲ့ အပြင်အလုပ်ပါ လုပ်မိလေတော့ မက်မိတဲ့လစာနဲ့ မထွက်ဖြစ်ခဲ့ အိမ်မှာလည်း အိမ်ရှင်မကောင်းပီသချင်..ဒီလိုနဲ့ပဲ စိတ်ဖိစီးမှုတွေ တပွေ့တပိုက် ဖြစ်လာခဲ့ပါပြီ.. စိတ်ထွက်ပေါက်ငယ်တစ်ခု ရှိစေရန် စာရေးပါတယ်.. ခံစားရသမျှ မြင်သမျှ သိစေချင်သမျှ စိတ်ဒီရေအတက်အကျအတိုင်း အဖြစ်အပျက်တွေကို စာစီပါ့မယ်.. ကိုယ်စိတ်သက်သာစေရန် ဘလော့ရောက်သူ အများသူငါ စိတ်အပန်းပြေစေရန် တစ်စုံတစ်ရာရရှိသွားစေရန် ရည်ရွယ်လိုက်ပါတယ်...ကိုယ်ဟာဘယ်လိုလူလဲဆိုတာ သိစေဖို့တော့ 2010တုန်းက ရေးထားတဲ့ကဗျာလေးရှိပါတယ်.. ဖတ်ကြည့်လိုက်ပါလေ အဲ့လူဟာ ကိုယ်ပါပဲ(ခေါင်းမပါဘူး:P)


ငါဟာငါပဲ

နေချင်သလိုနေတတ်တယ်
ဘယ်သူ့ကိုမှတော့ မထိခိုက်ဘူး

မိသားစုကလည်း ဦးစားပေးတယ်
ချစ်သူကလည်း ဦးစားပေးတယ်
ဘယ်သူနဲ့မှတော့ ပခုံးချင်းယှဉ်မနေဘူး

စိတ်ထဲကမပါရင် ပြုံးတောင်မပြတတ်လို့
အပေါ်ယံဟန်ဆောင်တာတွေ ငါ့အပေါ်လျှော့စမ်းပါ

အရှိကိုအရှိ အမှန်ကိုအမှန်ပဲ
လျို့ဝှက်တဲ့ အတတ်ပညာကို ငါမကျွမ်းကျင်ဘူးလေ

ကိုယ့်အလုပ်ကိုယ်လုပ်ပီး ကောင်းအောင်ကြိုးစားနေတယ်
အနိုင်တော့လာမကျင့်နဲ့
ဥပေက္ခာဆိုတဲ့ စကားလုံးကို ငါအရမ်းရင်းနှီးတာ



မီးချစ်


ဘလော့ကို အသက် (27) နှစ်ပြည့် မွေးနေ့အမှတ်တရ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မိတ်ဆက်ပါတယ်
မလိမ်မိုး မလိမ်မာလေးမို့ မသိသည် မတတ်သည်များကို သွန်သင်ထောက်ပြပေးကြပါလို့............

အမှတ်တရ