Saturday, January 16, 2016

RESIGN FEELING



အလုပ်ထွက်စာတင်လိုက်ပြီ
နားချင်တာပဲသိတယ်.. သားအနားနေချင်တာပဲ သိတယ်.. သားကို ကလေးထိန်းသူနာပြု (သူ့အပေါ်အလွန်စိတ်ရှည် အလွန်အပြုစုကောင်းတာပါ) သူစိမ်းနဲ့ပဲ ထားရတာ အားနာလှပြီ.. သားကို ကျောင်းမပို့ခင် အပြင်လောကသင်ယူမှုအတွက် အချိန်များများပေးစရာမလိုသေးခင် မေမေ့ရင်ခွင်ထဲ အပြည့်အဝေနေပါစေဦး.. သူများ ကလေးတွေလို အမေနဲ့တူတူ အိပ်ယာထ.. အမေချက်ကျွေးတာလေးစား.. ဝေရာဝစ္စအကုန် အမေပြုစုပေးတာခံ နေပါစေဦး.. အမေနောက်တကောက်ကောက်လိုက်.. ကလေးအခွင့်အရေး အပြည့်အ၀ ရပါစေဦး
အဲ့ဒီအတွက် မေမေလူပင်ပန်းမှာပါ.. ဒါပေမဲ့ အခုလို သားကိုအိမ်မှာထား အပြင်ထွက်ငွေရှာနေပေမယ့် စိတ်ကအိမ်ကိုပဲရောက်နေတဲ့ စိတ်ပင်ပန်းခြင်း ဒဏ်နဲ့တော့ကင်းပြီ.. သားအပေါ်ငါ တရားရဲ့လား သူ့အတွက် ငွေကြေးထောက်ပံ့မှု သူလိုအပ်ချိန်မျက်နှာမငယ်စေချင်တဲ့ စိတ်နဲ့ ငါရှာဖွေနေတာတွေ သူနားလည်ပါ့မလား တစ်ချိန် ငါ့များအပြစ်တင် သားကလေးအားငယ်စိတ်ဝင်မလားဆိုတဲ့ စိတ်ဖိစီးမှုလျောတော့မယ်..
တိုးလာမှာတွေက - ကိုယ်ပိုင်ဝင်ငွေမရှိတော့ဘူး.. အိမ်ထောင်ကျသော်လည်း အိမ်ထောင်ဘက်အပေါ် ၀န်ထိုးဝန်ပိုးမဖြစ်စေပဲ ကိုယ့်ဝန်ကိုယ်ထမ်းခဲ့တဲ့ ကိုယ်ပိုင်ဝင်ငွေအတွက် လက်မထောင်ခဲ့တဲ့ ရက်တွေရှိလာတော့မှာ မဟုတ်.. ပိုက်ဆံတန်းတူမရှာနိုင်တဲ့ မိန်းမကို အပြစ်တင်ညိုညင်လားမလား မသိနိုင်.. သူ့ဆိုင်နဲ့ကိုယ့်ရုံး နီးနီးနားနား အတူတူပြန်ခွင့်ရနေရာကနေ မိန်းမနဲ့အတူမပြန်ရတော့ လမ်းကြောင်းတွေ ဘယ်ကိုရောက်မယ် မသိနိုင် (ဒါပေမယ့် အဲ့လိုယောကျာ်းမျိုးမဟုတ်မှန်း ရာနှုန်းလွန် ယုံကြည်ရသောသူဖြစ်ပေမယ့်လည်း).. အစစအရာရာ အိမ်အတွက် သားအတွက်တင်မက ကိုယ်တစ်ကိုယ်ရည်အသုံးစရိတ်အတွက်ပါ ချီးအစသေးအဆုံး လက်ဖြန့်ရတော့မယ် (အဲ့ဒီအချက်ကို အထိခိုက်ဆုံးပါပဲ).. ကိုယ့်ရဲ့ပေးဆပ်မှု နိစ္စဓူဝပြုမူနေရမယ့် အိမ်မှုကိစ္စတွေအတွက် အသုံးမလို လူပိုကြီးတစ်ယောက်လိုများ မြင်လားမလား.. မပြောနိုင်ဘူးလေ
ခုထိတော့ ကိုယ့်ဆုံးဖြတ်ချက် မှန်တယ်ထင်နေတုန်းပဲ.. မနေ့ညက သားနဲ့ အိပ်ခါနီး conversation လုပ်ကြည့်တယ်... မေမေနဲ့နေမယ်.. မေမေရုံးမသွားနဲ့ စတဲ့ သားရဲ့ အမေအပေါ်လိုအပ်ချက်တွေ လိုအပ်နေသေးတာတွေ အပြည့်အ၀တွေ့ရတယ်.. တော်ပီ .. ဒုန်းဒုန်းချပလိုက်ပြီ.. ကိုယ်ငွေရှာတာ ခဏရပ်ဦးမယ်



တစ်ခုကအလုပ်ထွက်မယ် အသံကြားတာနဲ့ နောက်တစ်ခုကလှမ်းခေါ်တယ် လစာကောင်းမယ်တဲ့ အိမ်နဲ့လည်းနီး လမ်းလျှောက်သွားရုံသာ.. ဒါပေမယ့် ကိုယ့်စိတ်ကိုယ် အောင်လိုက်နိုင်ပါတယ်.. ကလေးထိန်းလိုက်ဦးမယ် ကျောင်းလေးဘာလေး တက်ဦးမယ်.. ဂျာမန်စာလေးဆက်လုပ် အမ်ဘီအေဖြေကြည့် စတာလေးတွေနဲ့ အိမ်မှာပဲနေဦးမယ်လို့ ငြင်းပလိုက်နိုင်ပါတယ်
ဝမ်းသာပါတော့ ကလေးရေ.. မင်းအတွက် မေမေ့အတ္တတွေ အချိန်မရွေးချနင်းလို့ မင်းလိုအပ်မယ်ထင်တဲ့ ပုံစံမျိုးနဲ့ အမြဲရှိနေပေးခွင့် ရချင်တယ်

Thursday, December 31, 2015

ယောကျာ်း ယောကျာ်း ယောကျာ်း


မနေ့က သူ အစာအိမ်အောင့်ပြန်တယ်.. ဗိုက်ဆာနေတာကို ရေလေး အချို၇ည်လေး အရင်မသောက်ပဲ.. ပုစွန်သုပ် အစပ်တွေနဲ့ ထမင်းစားပြစ်တယ်.. ထုံးစံအတိုင်း သူထမင်းစားတာက မြန်တော့ ပိုဆိုးပေါ့.. ဗိုက်အောင့်ချင်ချင်ဖြစ်နေရာကနေ အောင့်ပါလေရော.. အိမ်ရောက်တော့လည်း မဲ့ရှုံလို့ မျက်နှာက..
သွေးပါတိုးလာသေးလို့ သွေးကျဆေးတစ်လုံးသောက်.. သူ့မလည်း တစ်ခုခုဆိုသွးတိုးကြောင့်လားဆိုတဲ့ psycho က တစ်မျိုး.. ဒါ့အပြင် မနက်က မိန်းမချက်ကျွေးတဲ့ဟင်းက ငန်လို့ဆိုပြီး စေတနာကိုစော်ကားစွပ်စွဲလိုက်သေး.. (၀မ်းနည်းတယ်).. ကိုယ့်မှာရှိတဲ့ သားနားနေချိန်လေးကနေ ဖဲ့ပြီး မနက်စောစောမထချင်ပဲထ ချက်ကျွေးရတာ သူပိန်နေတာကြီး မကြည့်ရက်လို့.. အပြင်စာတွေပဲစားနေရတာ ကင်ဆာလိုမျိုး ရောဂါကြီးတွေ ၀င်လာမှာစိုးလို့... ကိုယ်မှမချက်ခဲ့ရင် သူဆိုင်မသွားခင် သားအတွက် လုပ်ပေးနေရမစိုးလို့... ဒါတွေ သူနားမလည် .. တစ်ခုခုအဆင်မပြေရင် ဒီမိန်းမဟင်းချက်တာကိုပဲ မယုံမကြည် စိတ်မချ စွပ်စွဲချင်တော့တာ.. စေတနာနဲ့မတန်သော ယောကျာ်း
သွေးကတော့ကျသွား ဗိုက်အောင့်ကမသက်သာ အာ့နဲ့ပဲ ဆေးခန်းပြေးရလေသတည်းပေါ့.. အရင်တာမွေမှာနေတုန်းက သျှင်ပါဂူသည် ဖောက်သည်.. ခု စမ်းချောင်းရောက်လာတော့ အာရှတော်ဝင်နဲ့ မနေ့က မိတ်ဆက်ဖြစ်ကြသည်...
ပင်ပန်းတယ်.. ကိုယ့်မှာ ကျန်းမာသောခန္ဓာကိုယ် သင့်တင့်သောပညာအရည်အချင်း နဲ့ သူများထက်မသာတောင် မလျော့သော အိမ်ေ်ထာင်ဘက်ဖြစ်ခဲ့ပါလျက်.. ကိုယ့်ကျမှ ဘာလို့ မကျန်းမာတဲ့အိမ်ထောင်ဘက် ပင်ပန်းစွာရုန်းကန်နေရသော အိမ်ထောင်ဘက်ပဲ ရခဲ့ပါလိမ့်
အဲ့လိုပြောရအောင် သူလည်းကောင်းခဲ့ အဆင်ပြေခဲ့ ကိုယ့်အပေါ်အနွံတာခံခဲ့ပါတယ်
ဒါပေမယ့် ဒီအချိန်မှာတော့ ဒါတွေထက် ဘာလို့မကျန်းမာတဲ့သူဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းပဲ အထပ်ထပ်အခါခါ ကိုယ့်ဘာသာကိုယ်ပြန်မေးပြီး ကိုယ့်စိတ်ကိုယ်ပဲနှိပ်စက်နေမိတော့တယ်..
သူ မကျန်းမာလို့ ငါ့အပေါ် အားနာစိတ်ရောဖြစ်မိရဲ့လား.. ငါကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်မယ်ဆိုတဲ့ စိတ်ကူးမျိုးရော ရှိရဲ့လား.. အဲ့လိုဆိုပြောမှာပေါ့ မတည့်ဘူးဆိုတဲ့ဟာတွေ ဘာမှမစားပဲ နေတယ်လေဆိုတာမျိုး.. မစားတော့ဘာဖြစ် အာဟာရမရရုံပေါ့ ဘယ်အရာမဆို တန်ဆေးလွန်ဘေးလေး သင့်တင့်မျှတအောင်တော့ စားဦးမှပေါ့.. မိန်းမမို့လို့ ဒီလိုစီစဉ်ပေး ဒီလိုပြောပြရင် မဟုတ်ဘူးချည်းထင်တော့တာ.. ဘယ်ဘ၀က ငါ့ဝဋ်ကြွေးလဲ
ကိုယ့်အတွက် ဘာမှအကျိုးမပြုသော ကိုယ့်ပတ်ဝန်းကျင့်လည်း အနှောင့်ယှက်ဖြစ်စေသော ကွမ်းယာကျတော့ စားပြပါလိမ့်မယ် အဆက်မပြတ်
အဲ့လောက် အသက်ကြီးပါလျက် အသိခေါက်ခက် အ၀င်နက်နေမှတော့ .. ကိုယ့်ကိုနှိပ်စက်ဖို့သပ်သပ် သူလူဖြစ်လာတယ်လို့ပဲ သတ်မှတ်ချင်တော့တယ်...
ကိုယ်မကျန်းမာတာ ကိုယ်နေမကောင်းတာ ကိုယ့်ဘာသာကိုယ် ခံစားရတယ်မထင်နဲ့... ဘေးကလူမှာလည်း လူရောစိတ်ပါ ပင်ပန်းရတယ်.. ကိုယ့်ဝန်ကိုယ်မထမ်းနိုင်လို့ သူများက ကူထမ်းရတဲ့ဘ၀ကို သဘောကျနေတတ်တဲ့ လူမျိုးဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ

Tuesday, December 22, 2015

ပါရာစီတမော


Paracetamol တဲ့ ချူချာတဲ့သားသားအတွက်တော့ မစိမ်းတဲ့ဆေးပေါ့
ဖျားတဲ့အခါ ကိုယ်အပူချိန်မြင့်တဲ့အခါ တိုက်ရတဲ့ဆေးလို့တော့ သိကြမှာပေါ့နော်.. ဒါမဲ့ ဖျားတာ ကိုယ်အပူချိန်မြင့်တာဟာ ရောဂါမဟုတ်ဘူး.. ခန္ဒာကိုယ်ထဲ ရောဂါပိုးမွှားဝင်ရောက်နေပြီဆိုတဲ့ လက္ခဏာသာဖြစ်တယ်လို့ ပညာတတ်မိဘတော်တော်များများတောင် မသိကြပါဘူး.. နေမကောင်းရင် အဖျားကျဖို့ပဲ စိတ်လောနေတတ်တာမျိုးပေါ့... ဒီအဖျားကို ဂရုစိုက်နေရမယ် ဒါဟာ လက္ခဏာတစ်ရပ်ဖြစ်တယ်.. ကလေး မအီမသာဖြစ်တယ် မခံရပ်နိုင်ဘူးဆိုမှသာ ပါရာစီတမော တိုက်သင့်ပါတယ်.. နောက်တစ်ခုက ပါရာစီတမောဟာ ပိုးသတ်ဆေးမဟုတ်တဲ့အတွက် ဆေးပတ်လည်ခြင်း မလည်ခြင်း မရှိပါဘူး.. ဖျားရင်တိုက်နိုင်ပြီး မဖျားရင်ရပ်ထားလို့ရပါတယ်.. ဒါပေမယ့် အဖျားမကျဘူးဆိုပြီး တစ်ကြိမ်နဲ့တစ်ကြိမ် အလွန်နီးကပ်စွာ မတိုက်သင့်ပါဘူး.. 4 နာရီကနေ 6 နာရီတော့ ပျမ်းမျှအားဖြင့် ခြားရပါမယ်..
ကလေးမိဘတော်တော်များများက ဆေးအညွန်းထဲကအတိုင်း အသက်အရွယ်နဲ့တိုက်ရမယ် ထင်နေတတ်ပါတယ်.. တကယ်တော့ ဒါဟာ မှားပါတယ်.. အသက်အရွယ်မှာ ရှိနေတဲ့ကိုယ်အလေးချိန်တွေမှ မတူကြပဲလေ.. ကျွန်မကတော့ ကိုယ်အလေးချိန်နဲ့တွက်ပြီး တိုက်ရတဲ့နည်းကို ပိုအားပေးချင်ပါတယ်.. အသက်ကတော့ တစ်နှစ်ချင်းတူတူပါပဲ ညှပ်တဲ့ကလေးက ဆေးပိုများတဲ့ဒဏ်ခံရပြီး အသဲထိနိုင်သလို ထွားတဲ့ကလေးက ဆေးမတိုးတဲ့ဒဏ်ခံရပြီး ဆေးယဉ်သွားနိုင်ပါတယ်... မသိမသာနဲ့ ကြောက်စရာကောင်းပါတယ်
ဒါကြောင့် ခေတ်မီ ဆရာဝန်/ဆရာမ များရဲ့ တွက်ချက်နည်းအတိုင်း ကလေးရဲ့ ခန္ဒာကိုယ်အလေးချိန်ကို 15နဲ့မြှောက် မီလီဂရမ် ရလာမယ်.. ဆေးအလုံးဆိုရင်တော့ သူ့ဂရမ်အတိုင်းရအောင် ဥပမာ 200မီလီဂရမ်တစ်လုံးဆိုပါတော့ 100မီလီဂရမ်ပဲတိုက်ရမှာဆို တစ်ခြမ်းခြမ်းတိုက်လိုက်တာမျိုးပေါ့..
အယ် ဒီနေရာမှာ အရည်ကျတော့ နည်းနည်းတွက်ရခက်တယ်.. အဲ့တော့ အလွယ်တွက်လို့ရအောင် အင်တာနက်ကနေ ဒီဇယားလေးတွေ့လာလို့ မျှချင်ပါတယ်
ကလေးရဲ့ ကိုယ်အလေးချိန်တိုင်းပဲ တိုက်သွားဖို့ပါ

Quick dosing guide - if not using the calculator



Friday, December 18, 2015

သွက်လက်ချက်ချာ တစ်နေ့တာ


ခုတလော စာတွေပဲ ရေးချင်စိတ်ပေါက်နေလို့
ရုံးမဆင်းခင်လေး ပို့စ်တစ်ခုလောက် တင်ဦးမှပါ .. အင်းးး ဒီနေ့ တနေ့တာ အကြောင်းရေးမယ်
မနက် ခြောက်နာရီနှစ်ဆယ်မိနစ်မှာ အိပ်ယာနိုးပါတယ်.. ထမင်းအိုးတည်ပါတယ်.. ပထမဆုံးရက်အဖြစ် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ကြည့်ပါတယ် (လှချင်နေတာ ခုတလော).... စကင်းကဲ ကောင်းကောင်းဝယ်ရမှာနှမျှောလို့ အိမ်တွင်းနည်းတွေပဲ လိုက်လုပ်ဖြစ်.. ဒါတောင် မနေ့က သားသားအတွက် အကျီတစ်ထည်တော့ ဘတ်ခနဲဝယ်ပလိုက်သေးတာ.. ဒါမျိုးကျ မနှမျှော..
ကဲ ထမင်းအိုးတည်ပြီးတော့ အာလူးပြုတ်အိုးတည် ဈေးပြေး.. ငါးခြောက်သည်နဲ့ ကတောက်ကဆဖြစ်.. ကိုယ့်အတိုင်းအတာနဲ့ကို သုံးထောင်ဖိုးပဲ ယူပါမယ်ဆို ငါးထောင်ဖိုးအတင်းယူခိုင်း မယူဘူး မယူဘူး အထပ်ထပ်ပြောတော့ လေးထောင်ဖိုးထည့်လိုက်တယ်.. စိတ်ပေါက်ပေါက်နဲ့ ထားခဲ့ပြီး ထထွက်လာခဲ့တယ် ကောင်မလေး ကောင်မလေး လှမ်းအောင်တယ် လက်ခါခါ ခြေခါခါပဲ ဆက်ထွက်ခဲ့တော့ ဈေးဦးပေါက်ကြီး ယူသွားပါတဲ့.. ယူဘူး.. ဘူးဆိုဘူးပဲ
အာ့နဲ့ နဂိုမူလဘူထ သစ်သီးကုလားဟင်း (သူ့အဖေအခေါ်) အမှန်က သီးစုံပဲဟင်းလေ ချက်ဖို့ဟာကို အစီစဉ်ပြောင်းပြီး ငါးခူတွေ့တော့ သားသားချွဲကျပ်တာ ရဲယိုရွက်လေးကျွေးရဖို့ သတိရပြီး ငါးခူဝယ် မုန်လာဥချဉ်ဟင်းနဲ့တွဲမယ်ဆိုတဲ့ စိတ်ကူးနဲ့ မုန်လာဥ၀ယ် ရဲယိုရွက်လိုက်ပတ်ရှာ မတွေ့.. စိတ်လျှော့ အပြန်လမ်းကျမှ တွေ့ အားရ၀မ်းသာဝယ်.. အိမ်ကအာလူးအိုး သတိရ ယောကျာ်းကိုဖုန်းဆက်နှိုး အာလူးအိုးပိတ်ပေးပါ ပလိစ် :P
ပြီးတော့ အိမ်ကိုအမြန်ဆုံးနှုန်းနဲ့ပြေး.. ရောက်မဆိုက် သားသားအတွက် အာလူးထမင်းနယ်လုပ်ပေး ခရမ်းချဉ်သီးပြုတ် အခွံနွှာဆီသတ် ကြက်သွန်ဖြူဆီသတ် အားလူး ထမင်း အားလုံးရောနယ် ဒါပါပဲ
အာလူးက ကာဘိုဟိုက်ဒရိတ်ဆိုတော့များများစားစေချင်တယ်လေ ပုံစံအမျိုးမျိုး လုပ်ပေးရတာပေါ့
ငရုတ်သီးထောင်း ဆီသတ် နယ်ထားတဲ့ငါးခူထည့် ဆီပြန် ရဲယိုရွက် တစ်ခွက်ပြီး
ဆီသတ်ထားတဲ့ငါးခူထဲက ခေါင်းတွေထုတ်ပြီး အိုးတစ်လုံးနဲ့ဖယ် မုန်လာဥလှီးထည့် အရသာထည့် ရေထည့်တည် ဆူတော့ မန်ကျည်းသီးခတ် ဒီတွင်မုန်လာဥချဉ်ရည်ပြီး
ရှစ်နာရီကျော်ချေပြီ ဒန်တန့်တန် ဆယ့်ငါးမိနစ်စံချိန်နဲ့ ရေချိုး ဘေဘီခရင်မ်လေး မျက်နှာပွတ် အကျီလဲ ပိုက်ဆံအိတ်လွယ် ရုံးကိုပြေး.. တက်စီပေါ် လမ်းမှာတင်ပဲ တူးဝေးလေးပုတ်.. ခြေထောက်ကလေး ယာကျိကျိဖြစ်ရင် body butter လေး လိမ်းပေါ့လေ.. ဒါမဲ့ ခုနောက်ပိုင်းအဲ့ဒါ သိပ်မလိမ်းဖြစ် The Body Shop က body butter က အနံ့ပြင်းလို့ တက်စီသမားက ဘာများလဲလို့ စပ်စုစိတ်ဝင်စားတာကို မကြိုက်လို့ ကဲ ဆယ့်ငါးမိနစ်နဲ့ နာရီဝက်အတွင်း ရုံးရောက်ပါသည်
မနက်စာစား အီးမေးလ်စစ် အလုပ်လုပ်ပေါ့လေ.. နေ့လည်ရောက် သူငယ်ချင်းများနှင့် နေ့လည်စာစား (အပျော်ဆုံးအချိန်).. ညနေရောက် ကျားကျားနဲ့ ထွက်လာပြီလား မလာသေးဘူးလား ချိန်း.. အိမ်သို့တူတူပြန်
အိမ်ရောက် ဘ၀ရဲ့အဓိပ္ပာယ်အရှိဆုံးအချိန်လေးပေါ့.. အချစ်ရဆုံးလေးနဲ့ တစ်တီတူးရချိန်
နောက်တစ်နေ့မနက်အတွက်ပြင်ဆင်လို့ .. အစီအစဉ်ပြီး၏

Tuesday, December 15, 2015

၅၂၈



သားကို ခုထိနို့မဖြတ်ရက်သေးတော့ .. အမေနို့သိပ်ကြိုက်တဲ့သားသားက ညတိုင်း နို့စွဲတုန်းပေါ့.. မအိပ်ရပါ
မမွေးခင် ကိုယ်ဝန်လရင့်လို့ အိပ်ရေးပျက်သည်မှစ ဒီနေ့ထက်တိုင် တစ်ညမှ အိပ်ရေးဝခြင်းဖြင့် မအိပ်ခဲ့ရပါ.. ဒါမဲ့ နေသားကျနေပါပြီ.. အရင် အပျိုဘ၀မှာသာဆို ဒီလိုအိပ်ရေးပျက်လို့က သေချာတယ် မူးတာတွေရူးတာတွေ ဖြစ်နေလောက်ပြီ.. ဒီလိုလည်း run နေနိုင်မယ် မဟုတ်ပေဘူး.. ခုတော့ မိဘဆိုတဲ့မေတ္တာတွေ အသွေးထဲအသားထဲ စီးဆင်းနေခဲ့ပြီ.. ဘ၀မှာလည်း အတော်နေပျော်တဲ့အသက်ရွယ်ရောက်ခဲ့ပြီဆိုတော့ ခံနိုင်ရည် ရှိနေပါပြီလေပေါ့
ကိုယ်တစ်ယောက်တည်း အိပ်ရေးပျက်တယ်မထင်ပါနဲ့ သူ့အဖေလည်း အိပ်ရေးပျက်ပါတယ်.. မဟုတ်ရင် ဘယ်မျှတပါ့မလဲ
ဒါမဲ့လည်းလေ ကိုယ်နှိုးမှသူက အိပ်ရေးပျက်ရတာပါ.. ကိုယ်တွေ မိခင်ဘ၀များတော့ ဘယ်သူမှမနှိုးလည်း ကိုယ့်စိတ်က အလိုလိုအနှိုးခံနေရ.. ပါးကလေးစမ်း လက်ကလေးခြေကလေးစမ်း အေးနေလားဟဲ့ ကျောတွေစမ်း ချွေးတွေထွက်လို့များ ချွေးနဲ့ပြန် အအေးပက်နေမှာလား.. နေမကောင်းရင် သူများနဲ့တူတာမဟုတ်.. အလွန်ဆေးတိုက်ရခက်.. အဲ့သည်ကြားထဲ ခဏခဏ ချူချာလေတော့ ဒီအမေ ဖြောင့်ဖြောင့်မအိပ်နိုင်တာ မဆန်းပါဘူးနော်

အဲ့လိုတွေ တစ်ညတစ်ညအိပ်ရေးပျက်နေပေမယ့် မနက်မထနိုင်ပေမယ့် ကြိုးစားပမ်းစားထလို့ တစ်ခါတစ်ရံ ထမင်းဟင်းချက်ခဲ့ပါသေးတယ်.. ကိုယ်မှမချက်ရင် သူ့အဖေက အလုပ်ချိန်နည်းသူမို့ ချက်ရလေတော့ ကိုယ့်အပေါ်ငြိုငြင်သပေါ့လေ.. တရားကျတယ်နော်
အလုပ်လုပ်ရတာလဲ သိပ်တော့မကာမိဘူးတောင် ပြောရမလားပဲ.. လစာကောင်းတာပဲ လူမြင်တာ.. အသွားအပြန် ကားခ.. ထမင်းဗူးမထည့်နိုင်တော့ ၀ယ်စားတဲ့စားရိတ်.. ဒါပေမဲ့လည်းလေ သူ့အဖေလိုတဲ့အခါ အလုံးလိုက်ပေးနိုင်လေတော့ အဲ့ဒါလေး အားတင်းပြီး လုပ်နေရတာပေါ့.. တကယ်တော့ သူ့အဖေပိုက်ဆံတွေသည်လည်း ကလေးထိန်းခ အိမ်စရိတ် သားအတွက်အစစအဆင်ပြေအောင် ငွေလမ်းခင်းနေရတာပါပဲ.. အဲ့တော့ ကိုယ်တွေမှာ ပင်ပန်းသလောက် အရာမထင် မစုမိနိုင်
အိမ်ငှားနေရတဲ့ဘ၀ဆိုတော့ ပိုဆိုးပြီပေါ့.. သားအတွက် အိမ်ပိုင်လေးရနိုးဆိုတဲ့ ဇောနဲ့သာ နှစ်ယောက်စလုံး အပင်ပန်းခံ ကြုံးရှာနေကြတာ.. တကယ်တော့ သူရောကိုယ်ပါ ခါးချည့်လှပြီ
သူ့မလည်း အိမ်ရှင်မက သူများတန်းတူ အိမ်အတွက် 24နာရီ တာဝန်မထမ်းဆောင်နိုင်တော့ သူပါ တစ်နိုင်ဝင်ထမ်းပေါ့.. ကိုယ့်မလည်း သူ့လုပ်စာတစ်ခုတည်းနဲ့ မရပ်တည်ရဲတော့ အိမ်နေချင် သားနားကပ်ချင်ပေမယ့် အပြင်ထွက် အလုပ်လုပ်နေရ.. မောပါတယ်

မနက်မိုးလင်းကနေ စပင်ပန်းလိုက် စိတ်ဖိစီးလိုက်တာ ညအိမ်ပြန်ရောက်ချိန် သားသားရဲ့ တစ်နေ့တစ်မျိုး မရိုးအောင် လည်နေတာတွေ.. ဥာဏ်ရည်ထက်မြက်နေတာလေးတွေကြောင့် သိပ်စိတ်ချမ်းသာရပါတယ်.. ကိုယ်ဝန်ရှိကတည်းက ကျွန်မအစိုးရိမ်ဆုံးက သားဥာဏ်ရည်ပါ.. ကျွန်မတောင်းတဲ့ဆုက တစ်ခုတည်းပါ သူများနည်းတူ သင်ယူနိုင်စွမ်းရှိသူ ဖြစ်စေချင်တာပါပဲ.. ကျွန်မရဲ့ plan ကိုက ကိုယ့်သားသမီးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တွန်းတင်ပံ့ပိုးပေးမယ်.. သူသာ လက်ခံယူနိုင်သူ ဖြစ်ဖို့ပါပဲ.. ခုတော့ ကျွန်မဆုတောင်းအတွက် အတိုင်းထက်အလွန် ပြည့်ခဲ့ပါတယ်.. ငယ်စဉ်ကတည်းက အစားအသောက်ကို အရမ်းဂရုတစိုက်ကျွေးမွေးခဲ့ရတဲ့ အကျိုးပါ.. ကလေးများအတွက် အစားအသောက်ဆိုတာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အပြင် ဦးနှောက်ထက်မြတ်ဖို့အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ပါ.. နှို့မှုန့်တိုက်ရတာချင်းတူရင်တောင် ပိုအကုန်ခံ အပင်ပန်းခံပြီး DHA ပါတဲ့ နှို့မှုန့်ကိုမှ မှာတိုက်ခဲ့တာပါ.. ပစ္စည်းကွာလတီချင်းမတူမှာစိုးလို့ မြန်မာပြည်ကိုဝင်တဲ့ minus ပြနေတဲ့ အရည်အသွေးမမီတွေကိုရှောင်ပြီး ပို့ခတွေပိုအကုန်ခံလို့ ပြည်ပကကိုမှာတိုက်ဖြစ်ပါတယ်.. အင်တာနက်မှာ တစ်နေ့တစ်နေ့ မရိုးအောင် လှည့်ပတ်ရှာ မှတ်လာ.. မရမက လိုက်ရှာဝယ်ပြီး ဒီအရွယ်မှာ ဒီအသီး ဒီအသက်မှာတော့ ဒီငါးစားရမယ် စသဖြင့် အလွတ်မခံ အကုန်အတိအကျ လိုက်နာကျွေးမွေးခဲ့ပါတယ်.. ဘာမှပြန်ရလိုစိတ်မရှိပဲ သူလေးဘ၀ မြင့်တက်စေချင်တဲ့ မိဘရဲ့ ၅၂၈ အေးချမ်းတဲ့မေတ္တာသက်သက်နဲ့ပါ။ ။

တစ်နှစ်ဆယ်လ သားသား


ဘလော့ကို ဘယ်လောက်များ ပြစ်ထားသလဲဆို စာရေးဖို့ blogger dashboard ကိုတောင် မ၀င်တတ်တော့တဲ့အထိ
သိပ်တော့ အချိန်မပေးလိုက်ပါဘူး အကုန်ပိတ်ပြီး အစကနေပြန်ဖွင့်ပလိုက်တာပဲ ဟဲ ဟဲ
ဂျီမေးလ်အကောင့်ကလည်း ကိုယ့်မှာ ပါစင်နယ်နဲ့ အလုပ်ကိစ္စဆိုပြီး နှစ်ခုသုံးနေလေတော့ အကောင့်မှားဝင်မိတာက တပြသနာပေါ့လေ ဒါလည်း နိုးပလော်ပလန်ပါ
တကယ်တော့ ဘလော့မှာ စာတွေရေးချင်နေမိတာ သားသားကြီးပြင်းလာပုံအဆင့်ဆင့်လေး သူ အ၇ွယ်ရလာတဲ့အခါ ပြန်ဖတ်ဖို့ တင်မယ်တင်မယ် နဲ့ ပုံကအလွယ်တကူမရှိ ဘယ်ကစရေးရမှန်းမသိ.. မရေးတာကြာတော့ ရေးရမယ့်အကြောင်းအရာတွေကများ.. ခုတော့ စိတ်ပေါက်နေတုန်း ကမန်းကတန်းဖွင့်ရေးလိုက်တာ ဖတ်မိဖတ်ရာကသာ စဖတ်လိုက်ပါ မေ့ချစ်ဆုံးလေးရေ
သားသားတောင် 2နှစ်ပြည့်တော့မယ်.. လည်နေတာပေါ့ အစွမ်းကုန်.. ကိုးလကတည်းက စကားစပြောတဲ့သားသား ငါးလနဲ့မေမေလို့ ပီပီကြီးခေါ်နေတဲ့သားသားက ခု အရွယ်မှာ complaint လေး အငြင်းသန်လေး ဖြစ်နေပြီလေ
တစ်ခုခုဆို မဟုတ်ပါဘူးလို့ လူကြီးကပြင်ပေးရင်တောင် သူပြောတာပဲ အမှန်လုပ်ပြီး အတင်းငြင်းတတ်တာမျိုး ဆိုဆုံးမ မရဖြစ်မှာ စိုးမိပေမယ့် အဲ့လို ပြန်ပြန်ကပ်တာလေးကိုက ချစ်နေရတာ
ဥပမာ သူ့အကြိုက် babytv channel ကြည့်နေလို့ ကြက်ကလေးတွေလာတော့ သူ့အဖေက ကြက်ကြက်ပေါ့ သားသား .. သူက ကြက်မဟုတ်ပါဘူး ငှက်ပါ လို့ အဲ့လိုတစ်လုံးချင်းစီ ပီပီကြီးပြန်ပြောတာလေ.. သြ ကြက်ပါဆိုလည်း မဟုတ်ပါဘူး ငှက်ပါ နဲ့ လူကြီးလက်မလျှော့မချင်း ဇွဲကောင်းကောင်းနဲ့ ဖင်ပိတ်ငြင်းတာပေါ့...

ခုတလော သားသား အစားစားလာလို့ မေမေ၀မ်းသာရတယ် တစ်နှစ်နဲ့ဆယ်လမှာတောင် ပေါင်ချိန် 10kg ပဲ ရှိတဲ့သားလေးကို မေမေစိတ်ပူရလို့ ပါရမီဆေးရုံမှာ healthy child program မှာ မှတ်ပုံတင်ပြီး သုံးလတစ်ခါ ကျန်းမာရေးစစ်ဆေးဖြစ်တယ်.. အရမ်းကြီး ဖွံ့ဖွံထွားထွားဖြစ်စေချင်တာမျိုး မဟုတ်ပေမယ့် ရောဂါတစ်ခုခုဝင်နေလို့ မေမေမသိလိုက်ပဲ နောက်ကျမှာအစိုးရိမ်ဆုံးပဲလေ.. ကလေးတွေမှာ ခန္ဓာကိုယ်အလေးချိန်သည်လည်း အရေးကြီးသော လက္ခဏာတစ်ခုမဟုတ်လား
ခု တတိယတစ်ကြိမ်အပြမှာတော့ သားက 0.5kg လျော့သွားတယ် .. မေမေမပြုံးနိုင်တော့ဘူးလေ .. ပထမဆုံးအကြိမ်မှာ သားဟာကိုယ်အလေးချိန်နည်းပေမယ့် အစားအသောက်သူတို့အကြံပြုသလို ပြောင်းပေးလိုက်တော့ ဒုတိယသုံးလပတ်မှာ သားဟာ အလေးချိန်ပြန်တက်လာခဲ့လတယ် မေမေတပြုံးပြုံးပေါ့
ခု 28.11.2015 မှာ အလေးချိန်လည်းကျ ဒီသုံးလကြားထဲမှာလည်း နှစ်ခါပြန်တောင်ဖျားလိုက်တော့ မေမေစိတ်ပူပူနဲ့ တီဘီတွေဘာတွေ စစ်ဖို့လိုမလားလို့ ဆရာဝန်ကို မေးလိုက်တယ်.. သားသားဖိုးဖိုးကလည်း သားသားတစ်နှစ်ပတ်ချာလည်လောက်မှာ တီဘီဖြစ်လို့ ဆေးသောက်ရသေးတယ်လေ သားနဲ့တူတူမနေပေမယ့် တစ်ခါတစ်လေလာလည်ရင်ကျတော့ သားသားကအဖိုးပဲ ကပ်တာကိုး
အဲ့ဒါနဲ့ မေမေလည်း စိတ်ချရအောင်စစ်လိုက်မယ်.. ဆရာဝန်နဲ့ဆရာမတွေကလည်းပြောတယ် စစ်လိုက်ပါ တီဘီရှိနေလည်း စောစောကုရင် မြန်မြန်ပျောက်တယ်.. မွေးထားသလိုကြာနေရင် တီဘီက တခြားကလီစာတွေဆီ ပြန့်သွားမယ် ကုရခက်တယ် ဆိုတော့ မေမေလည်းစစ်ပလိုက်တယ်..


အဲ့တစ်ေ်ခါက်က သားကိုသွားစစ်တော့ မေမေနဲ့တူမ၀မ်းကွဲလေးရယ်ပဲ သားဖေဖေကမပါ.. ဘာမဆို သားဖေဖေကိုအားကိုးတတ်တဲ့ မေမေက နောက်တစ်ခေါက်မှလာထပ်စစ်ရမလားလို့ စဉ်းစားလိုက်သေးတယ်.. ဒါမဲ့ တစ်ရက်တစ်မနက်နဲ့ နောက်ကျသွားရင် ငါပဲ နောင်တရမယ်ဆိုပီး အားတင်းပြီး စစ်လိုက်တယ်.. သားကို သွေးဖောက်တာ ဓါတ်မှန်ရိုက်တာအားလုံး မငိုမိအောင် မနည်းတင်းရင်းပေါ့.. သားကို အားရှိအောင် ပြောပြပေးရတယ်.. သားသားရေ မမကသွေးဖောက်မယ် သားကိုအပ်နဲ့ထိုးမယ်နော် နည်းနည်းလေးပဲနာမယ် သားသားကအားရှိတယ်နော် ဆိုပြီး ခဏခဏ ရွတ်ပြောပြောပေးရတယ် ဒါတောင် သားကနည်းနည်းငိုတယ်.. ပုံမှန်ဆို တအားငိုမယ့်သားသားက မေမေ့စကားတွေကောင်းကောင်း နားလည်နေတော့ အားရှိတယ်ဆိုပြီး တင်းထားပုံရပါတယ်.. ချစ်လိုက်တာ
ဓါတ်မှန်ရိုက်တာတော့ သားတအားငိုတယ် မနာပေမယ့် တစ်ကိုယ်လုံးချွတ်ပြီး ကုတင်ပေါ်မှာ ပက်လက်ကြီးရိုက်ရတော့ မေမေအတင်းချုပ်ထားရတယ် သားရုတ်တရက်ငိုရင်း ထရပ်လိုက်ရင် စောင့်မိထိမိဖြစ်ကုန်မယ်လေ..
စစ်ဆေးတာတွေပြီးတော့ ရင်တမမဆုတောင်းနေရတယ်.. စိတ်ကိုလည်းပြင်ဆင်ထားတယ် တကယ်လို့သာ သားမှာတီဘီရှိနေရင် လစာဘယ်လောက်ရနေပါစေ ဒီအလုပ်ကို ငါထွက်ပလိုက်မယ်လို့.. ငါ့သားနားမှာ အချိန်ပြည့်နေပြီး တစ်ခါတည်းရောဂါအမြစ်ပြတ်အောင် ကုမယ်လို့ပေါ့
သုံးရက်စောင့်ပြီးတော့ အဖြေရတယ်.. အဲ့သုံးရက်ဟာ မေမေ့အတွက် သုံးလ သုံးနှစ်လိုပဲ သိချင်စိတ်တွေ သိပ်များနေတယ်.. အဖြေရမယ့်နေ့မှာတောင် ဆေးရုံမသွားရသေးခင် ဖုန်းလှမ်းဆက်မေးကြည့်သေးတယ်.. ဒါမဲ့ ဓါတ်ခွဲခန်းက အဖြေကြိုမပြောဘူး ဆရာဝန်နဲ့ ပြလိုက်ပါတဲ့
ညနေဘက် မေမေရုံးဆင်း ဖေဖေဈေးသိမ်းပြီးတော့ အိမ်ပြန်ကြ သားကိုခေါ် ဆေးခန်းပြေးကြတော့ သွေးအဖြေအားလုံး ကောင်းနေပါရက် ဓါတ်မှန်အဖြေက တီဘီလို့ပြောနေတယ် ဒါမဲ့ ကြည့်ပေးတဲ့ ဒေါက်တာဒေါ်ခင်နွယ်ဦးက အရမ်းကောင်းတယ်.. တီဘီဆေးမအွန်ချင်သေးဘူး သေချာအောင် နောက်ထပ် ဓါတ်မှန်ဆရာဝန်တစ်ယောက်နဲ့ second opinion တောင်းပါလို့ ပြောတယ်.. အဲ့ဒါနဲ့ ဓါတ်မှန်ဆရာဝန်ကြီး ဒေါ်အေးငယ်ငယ်နဲ့ ဖတ်ရမတဲ့.. ဓါတ်မှန်ကိုထပ်ခဲ့၇မယ် ဒါမဲ့ စနေနေ့မှာရမယ်တဲ့ .. ခု လာပြတာက တနင်္လာဆိုတော့ တစ်ပတ်နီးနီးစောင့်ရမှာပေါ့.. မေမေ မထပ်ခဲ့လိုက်ဘူး.. သားသားဖွားဖွားက အမျိုးသမီးဆေးရုံကြီးမှာ သူနာပြုဆိုတော့ အဲ့က ဓါတ်မှန်ဆရာဝန်တွေကို ဒီကြားထဲ ဖတ်ခိုင်းဦးမယ်ဆိုပြီး ပြန်ယူလာခဲ့တယ်.. အဖြေကို စောနိုင်သမျှစောစော သိချင်တယ်လေ..
အဲ့လိုနဲ့ အမျိုးသမီးဆေးရုံကဆရာဝန်ကြီးကဖတ်တော့ ဓါတ်မှန်မှာ အဆုတ်သည် clear ပါတဲ့.. တီဘီမရှိဆိုမှ မေမှော ဟင်း ချနိုင်တယ်... စနေရောက်လို့ ဒေါ်အေးငယ်ငယ်နဲ့ ပြန်ဖတ်တော့လည်း တီဘီမရှိပါပဲ..
ကျေးဇူးတင်ပါတယ် မေမေ့သားလေးရယ်












Tuesday, October 21, 2014

from Gandawin online Magazine

ချစ်လှစွာသော သမီးလေး

ဇနီးကောင်းတစ်ယောက်ဖြစ်ခြင်းက ဘာလဲဆိုတာ သမီးလေးသိစေဖို့ မေမေက ရှေ့ဆောင်လမ်းပြအနေနဲ့ အမြဲကြိုးစားခဲ့ပါတယ်။ ဒီလောက်နှစ်တွေ ကြာခဲ့တာတောင် မေမေ့အနေနဲ့ သမီးရဲ့ဖေဖေကို ချစ်မြတ်နိုးနေဆဲပါပဲ။ သမီး အိမ်ထောင်ရေးမှာလည်း မေမေ့လိုပဲ ပျော်ရွှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။

မေမေ ပေးမယ့် အကြံဥာဏ်လေးတွေကို သမီးအနေနဲ့ ရင်ထဲစွဲမြဲနေအောင် မှတ်ထားစေချင်တယ်။ ဒီအကြံဥာဏ် စိတ်ကူးလေးတွေက မေမေ့ ရင်တွင်း နက်နဲလှတဲ့ နေရာကနေ ထွက်ပေါ်လာတာပါ။ မေမေနဲ့ ဖေဖေရဲ့ အိမ်ထောင်ရေးသက်တမ်းမှာ အနှိမ့်အမြင့်တွေ အများကြီးကို မေမေတို့ ကြုံတွေ့ခဲ့ ရပါတယ်။ ဒါတွေကိုဖြတ်သန်းရင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုပိုပြီး နားလည် လာကြပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ သမီးအချစ်တွေကို ထုတ်ဖော်ပြသပေးပါ။

သမီးလေးရေ အိမ်ထောင်ဘက်ကို “ချစ်ပါတယ်” ဆိုတဲ့စကားတစ်ခွန်း မကြာမကြာ ပြောပါ။ ပြောရုံတင်မဟုတ်ဘဲ ချစ်ခြင်းကို ဖော်ပြတဲ့ အမူအရာလေးတွေဖြစ်တဲ့ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ လက်ကလေး ကိုင်ထားပေးတာ ဒါလေးတွေကို ပိုပြီး ပြုလုပ်ပေးရမယ်။ ဒါတွေက ကိုယ့်အချစ်ကို ဖော်ပြပေး တယ်လေ။ အိမ်မှာ ကိုယ့်ကိုသိပ်ချစ်တတ်တဲ့ ဇနီးလေးတစ်ယောက် ရှိနေတော့ သမီးအိမ်ထောင်ဘက် ဘယ်ကိုမှ စိတ်မယိုင်တော့ဘူးပေါ့။ ရယ်ရယ်မောမောနဲ့ ပျော်ရွှင်စရာကောင်းအောင် စိတ်ဝင်စားစရာကောင်းမယ့် ဘဝလေးကိုတည်ဆောက်ပါ။

၂။ အသိမှတ်ပြုတဲ့ ကျေးဇူးတင်စကားလေး ခင်ပွန်းသည်ကို အမြဲ ပြောပေးပါ။

သမီးအတွက် လုပ်ပေးသမျှ အရာအားလုံးအတွက် သမီးအိမ်ထောင်ဘက်ကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေး ပြောပါ။ သမီးကို အလည်အပတ် ဘယ်ကိုပဲခေါ်သွား ခေါ်သွား၊ သမီးကို လက်ဆောင် ဘာပေးပေး၊ သမီးကို ငွေကြေးဘယ်လောက် ပေးပေး သမီးအနေနဲ့ အမြဲကျေးဇူးတင်ရမယ်။ သူလုပ်ပေးတဲ့ အရာကို သမီးကအသိအမှတ်ပြုတဲ့ အနေနဲ့ ကျေးဇူးတင်စကားပြောပြီး ကိုယ့်သဘောထားကို ဖော်ပြပေးရမယ်။

၃။ သမီးအိမ်ထောင်ဘက်အပေါ် ကြင်နာပါ။

စကားအပြောဆို ချိုသာပြီး ကြင်နာတတ်တဲ့ ဇနီးကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားပါ သမီး။ လူအများရှေ့မှာ အထူးသဖြင့် သားသမီးတွေရှေ့မှာ သမီးအိမ်ထောင်ဘက်ကို ဘယ်တော့မှ ထိခိုက်အောင် မပြောဆိုသင့်ဘူး။ ဒီလိုပြောဆိုခံရခြင်းက အရာအားလုံးထက် သူ့ကို နာကျင်ခံစားစေတယ်။ သူ့ဘက်က မှားနေတယ်ဆိုရင်တောင် သူ့မှာ ယောက်ျားသိက္ခာရှိပါစေ။ သမီး စကားတွေကို စောင့်ထိန်းလိုက်ပါ။ တခါတလေမှာ အမှန်တရားဘက်ကို လိုက်နေတာထက် ချစ်ခြင်းမေတ္တာက ပိုအရေးကြီးပါတယ်။

၎။ ခင်ပွန်းသည်ဆီက မဖြစ်နိုင်တာတွေတောင့်တ မျှော်လင့်ခြင်းကို ရှောင်ကြဉ်ပါ။

သမီးအိမ်ထောင်ဘက်က သမီးရဲ့စိတ်ကို အမြဲတမ်း ဘယ်သိနိုင်မလဲ။ ဒါကြောင့် တစ်ခါတရံ သမီးလိုချင်တဲ့ သူ့ဘက်က တုန့်ပြန်မှုမျိုး မရခဲ့ရင် ဒေါသဖြစ်တာတွေ၊ စိတ်ဆိုးတာတွေ မလုပ်ပါနဲ့။ သမီးလိုချင်တာ၊ သမီးမျှော်လင့်တာတွေကို ရှင်းလင်းအောင် ဖော်ပြပေးပါ။ သမီးရဲ့ ချစ်ခြင်း ဘာသာစကားကို သူ့ဘက်က အဓိပ္ပာယ်ဖွင့်ဖို့ အခက်အခဲရှိနေရင်လည်း သမီးစိတ်ရှည်ရပါတယ်။ မေမေတို့တွေက မေမေတို့နဲ့ လုံးဝကြီးဆန့်ကျင်နေတဲ့ လူကိုမှ ချစ်မိကြတယ်မဟုတ်လား။ ဒါကြောင့် မတူညီဘဲ ကွဲပြားနေတာလေး တွေကြားက ငြင်းခုံစရာတွေ မရှာဖွေဘဲ ချီးကျူးစရာလေးတွေ ရှာဖွေလိုက်ပါ။

၅။ ကိုယ့်ခင်ပွန်းရဲ့ အကောင်းဆုံးအရာတွေကို တွေးပါ။

သမီးအိမ်ထောင်ဘက်အကြောင်း တခြားလူတွေကို ပြောတော့မယ်ဆိုရင် အကောင်းဆုံးတွေ ကိုဘဲ ပြောပါ။ သူနဲ့ပတ်သက်တဲ့ ကြည်နူး ဂုဏ်ယူစရာကောင်းတဲ့ အချိန်လေးတွေကို စိတ်ထဲက တစ်နေရာမှာ စုစည်း သိမ်းဆည်းထားပါ။ သမီးဘဝမှာ ခက်ခဲလာတဲ့အချိန်ကျရင် ဒီသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်လေး တွေကို ပြန်ဆွဲထုတ်ကြည့်ပေါ့။ ဒီအတွေးလေးတွေက အိမ်ထောင်ရေးမှာ ကြုံလာသမျှ ဆူးငြောင့် ခလုတ်လေးတွေကို ရှင်းလင်းသွားဖို့ ကူညီ ပေးပါလိမ့်မယ်။

၆။ ခင်ပွန်းသည်ကို ဦးဆောင်ခိုင်းပါ။

အိမ်ထောင်တစ်ခုကို ဦးဆောင်တာ၊ ရှာဖွေကျွေးမွေးတာ၊ သမီးကို ကာကွယ်ပေးတာ ဒါတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သူသိပါစေ။ သူ့လမ်းပေါ်မှာ ပိတ်ပြီး သူ့ရှေ့မှာကာပြီး သမီးရှေ့ထွက်မရပ်တည်ပါနဲ့။ အရာရာကို သူဦးဆောင်ပါစေ။

၇။ ရိုးသား ရိုသေမှုနဲ့ ဇနီးကောင်းဆိုတာကို ပြပါ။

ဇနီးတစ်ယောက် အနေနဲ့ အိမ်ထောင်ဘက်အပေါ် ရိုးသားရမယ်သမီး၊ ပြီးတော့ သမီးအိမ်ထောင်ဘက်အပေါ်မှာလည်း ရိုသေလေးစားရမယ်။ အခုအချိန်တော့ ဒါတွေကိုဖတ်ရတာ လုပ်ဖို့ လွယ်ကူတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါလေးတွေလုပ်ဖို့ ခက်ခဲရတဲ့ အချိန်တွေ သမီးကြုံလာလိမ့်အုံးမယ်။ အဲဒီအခါ သမီးအိမ်ထောင်ဘက်က အမှန်တရားကို မကြားချင်ဘူးဆိုရင်တောင် သမီးဘက်က ရိုးသားရမယ်။

၈။ အတုခိုးလွယ်တဲ့ ကလေးငယ်တွေရှေ့မှာ ဆင်ခြင်ပါ။

သမီး ပြောချင်တဲ့ စကားတွေ အားလုံး ပြောလို့ရပါတယ်။ ဒါပေမယ့် လေးလေးစားစား ပြောဆိုရမယ်။ ဒါမှလည်း ရေရှည်တည်မြဲမှာပေါ့။ သားသမီးတွေဆိုတာ မိခင်ကနေတဆင့် ဖခင်ကို ပြုမူပြောဆိုတဲ့ အမူအရာ စကားလုံးတွေ အားလုံးကို အတုခိုးသင်ယူကြတယ်။ သမီးအနေနဲ့ အိမ်ထောင်ဘက်ကို မလေးမစားပြောမိတာတို့၊ မရိုးမသား ဆက်ဆံမိတာတို့ သမီးနဲ့ အနီးစပ်ဆုံး သမီးရဲ့ သားသမီးတွေကလည်း သူတို့ရဲ့ ဖခင်အပေါ်မှာ အဲလိုတွေ လိုက်ပြီး ပြုမူတတ်ကြတယ်။ ဒ့ါကြောင့် ကလေးငယ်တွေရှေ့မှာ ဒီလို အပြုမူတွေကို ရှောင်သင့်တယ် သမီး။

၉။ ခင်ပွန်းသည်ရဲ့ ရင်ဖွင့်ခံစားချက်တွေကို နွေးထွေးစွာ ကြိုဆိုပါ။

မေမေတို့ အမျိုးသမီးတွေက အချစ်ဆုံးကြောင့် ဒဏ်ရာရဖို့ အရမ်းလွယ်ကူပါတယ်။ သမီး အိမ်ထောင်ဘက်က သူ့အခက်အခဲတွေ၊ ရုန်းကန်နေရတာတွေ၊ သူ့ခံစားချက်တွေ ရင်ဖွင့်လာတာ ခွင့်ပြုဖို့ မေမေတိုက်တွန်းပါတယ်။ သမီးအနေနဲ့ သူ့ခံစားချက်တွေကို ဝေဖန်အပြစ်တင်တာမျိုး၊ ငြင်းပယ်တာမျိုး မပြုလုပ်ဘူး၊ သမီးဆီမှာ ရင်ဖွင့်ရတာ သူ့အနေနဲ့ အေးချမ်းလုံခြုံတယ်လို့ ခံစားမိတယ် ဆိုရင် သူဟာ သမီးဆီကို ဘာပြသနာဘဲ ရှိရှိ ရင်ဖွင့်လာလိမ့်မယ်။ ဒီလိုအချိန်မှာ သမီးက သူ့ကို နွေးထွေးစွာ ကြိုဆိုပြီး အားပေးနှစ်သိမ့်လိုက်ပါ။ သူ့အတွက် သမီး အမြဲရှိနေတယ်ဆိုတဲ့ စိတ်တံခါးလေး သူပွင့်သွားတာပေါ့။

၁၀။ အရာရာအားလုံးထက် ကိုယ့်ခင်ပွန်းသည်က ပထမလို့ ယူဆပါ။

သမီးက ဇနီးသည်တစ်ယောက်ဆိုတာ အမြဲအမှတ်ရပါ။ ဒါကြောင့် သားသမီးတွေ၊ အလုပ်တွေ၊ အိမ်ကိစ္စတွေ၊ လူမှုဆက်ဆံရေးနဲ့ အခြားကိစ္စတွေ အားလုံးထက် ကိုယ့်ခင်ပွန်းသည်က ပထမဖြစ်ရပါမယ်။ သားသမီးဆိုတာက သမီးနဲ့ သူရဲ့ ချစ်ခြင်းတွေက ပေါက်ဖွားလာတဲ့ အရုပ်လေးတွေပါဘဲ။ သားသမီးတွေရှိလည်း နှစ်ယောက်တည်း နေရမယ့်အချိန်လေးတွေတော့ ပေးရမယ်။ စုံတွဲလေးတွေလို လျှို့ဝှက်ချက်လေးတွေ ဝေမျှပြီး အတူတူရယ်မော ပျော်ရွှင်နေရမှာဘဲလေ။

၁၁။ ခင်ပွန်းသည်ဘက်က ရပ်တည်ပါ။

သားသမီးတွေကို သမီးအိမ်ထောင်ဘက်က ဆုံးမတဲ့အခါ သူ့ဘက်က ရပ်တည်ရမယ်။ ဖခင်ဆုံးမတာ မပြီးမချင်း သားသမီးတွေကို ချော့မော့တာမျိုး မလုပ်ပါနဲ့။ သူဟာ မိသားစုတစ်ခုလုံးရဲ့ ဦးဆောင်သူ အဖြစ် သူ့စည်းကမ်းတွေကို ထိန်းသိမ်းထားရမယ်။ ဘယ်ဆုံးဖြတ်ချက်မှာမဆို တားဆီးပိတ်ပင်နိုင်ခွင့် အာဏာ သူ့မှာရှိတယ်ဆိုတာ သမီးမှတ်ထားပါ။ သားသမီးတွေရှေ့မှာ သူ့သဘောထားကို ဆန့်ကျင်တာမျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ စည်းလုံးတယ်ဆိုတာကို မြင်ပါစေ။ နှစ်ယောက် အတူတူရှိတဲ့ အချိန်ကျမှ သမီးထင်မြင်ချက်လေးတွေကို ပြောပြနိုင်ပါတယ်။

၁၂။ ကြင်နာနွေးထွေးမှုနဲ့ ဘ၀ကို ပုံအပ်လိုက်ပါ။

ဘွားဘွား အမြဲပြောတာလေးရှိတယ်။ “အမျိုးသားတွေဆိုတာ အမျိုးသမီးတွေရဲ့ အင်အားပဲ”တဲ့ ဒါကြောင့်သူ့အပေါ် သမီး မှီခိုအားထားပါ။ သူ့ကို လိုအပ်ပါ။ သူ့စကားနားထောင်ပါ။ အမျိုးသားတွေဆိုတာ ဇိမ်ရှိတဲ့ နွေးထွေးမှုလိုချင်လို့ အမျိုးသမီးတွေဆီလာတာပါ။ သန့်ရှင်းနေတဲ့ အိမ်လေး၊ အရသာရှိတဲ့ထမင်းဝိုင်း၊ ချိုသာတဲ့စကားလုံးလေးတွေနဲ့ ကြင်နာစွာထွေးပိုက်ခြင်းတွေပါ။ ဒါကြောင့် သမီးအမြဲတမ်း သူ့ကို ပြုစုရမယ်။ အိမ်ကိုပြန်လာတဲ့ သူ့ကို ဘယ်တော့မှ အဆင်မပြေဖြစ်အောင် မလုပ်ပါနဲ့။

သမီး မေမေ့ဆီမှာ ဘာမဆို လာပြီးရင်ဖွင့်လို့ ရပါတယ်။ မေမေက သမီးရဲ့မေမေပဲ၊ သမီးကို သိပ်ချစ်တာကိုး။ ဒါပေမယ့် သမီးခင်ပွန်းသည်က သူ့အလုပ်သူလုပ်နေသ၍ (မိသားစုကို ဦးဆောင်တယ်၊ ကျွေးမွေးပြုစုတယ်၊ အကာအကွယ်ပေးတယ်) သမီးနဲ့ သမီးခင်ပွန်းကြားမှာ တားဆီးပိတ်ပင်တာမျိုး မေမေလုပ်မှာ မဟုတ်ဘူး။ သမီးမှာ မကျေနပ်တာတွေ ရှိရင်လည်း မေမေကတော့ သမီးကို သမီးခင်ပွန်းဆီ ပြန်ပို့မှာပါပဲ။

သမီးလေး ခင်ပွန်းကောင်းတစ်ယောက်နဲ့ တွေ့ဆုံပါစေလို့ မေမေမျှော်လင့်ပါတယ်။ ကမ္ဘာပေါ်မှာ အစားထိုးလို့မရတဲ့ တစ်ယောက်တည်းသော ခင်ပွန်းအဖြစ် သူ့ကို ဆက်ဆံမယ်ဆိုရင် သူကလည်း သမီးကို ဒီလိုထပ်တူ ဆက်ဆံ ပါလိမ့်မယ်။ သမီးပျော်ရွှင်ကြည်နူးဖို့အတွက်ဆိုရင် ကြယ်တွေ လတွေလည်း ဆွတ်ခူးပေးပါလိမ့်မယ်။ သူ့ရင်ထဲမှာ၊ နှလုံးသားထဲမှာ ထာဝရသမီးလေးပဲ ရှိနေ ပါလိမ့်မယ်။

မေမေ သမီးကို သိပ်ချစ်ပါတယ်။ အရွယ်ရောက်လာမယ့် မေမေ့သမီးလေးအတွက် မေမေ ဂုဏ်ယူမိပါတယ်။ သမီးဘဝရဲ့ ဇာတ်လမ်းလေးကို ဘုရားကဘယ်လို ဆက်ရေးထားလဲဆိုတာ မေမေသိချင်လွန်းလို့ မစောင့်နိုင်တော့ပါဘူး။ ဘဝရဲ့စာမျက်နှာသစ်မှာ စမယ့်သမီးနဲ့ သမီးဘဝရဲ့လက်တွဲဖော်တို့ ဇာတ်လမ်းအတွက် မေမေအမြဲဆုတောင်း ပေးနေပါတယ်။

ချစ်တဲ့

မေမေ

Thursday, August 8, 2013

ပထမဆုံး တံခါးခေါက်သံ


အင်း စာမရေးဖြစ်တာကြာလို့ စာလေးရေးဦးမယ်လို့ စဉ်းစားမိတယ်.. ဘာရေးရမှန်းတော့မသိ..
သြော် ရှိတာပေါ့.. ကလေးလေးရှိနေပြီဆိုတဲ့ အကြောင်းကို ရေးရမယ်လေ.. :) ပျော်သွားကြသလား.. ဟုတ်တယ် မီးချစ် မီးချစ်ရင်ထဲမှာလေ ကိုကို့ရင်သွေးလေးရှိနေပြီ ကိုကိုရဲ့ (ဗီဒီယိုကားတွေထဲက လေသံဖြင့်ပြောသည်).. ခိခိ အရမ်းပျော်တယ်... ဘယ်နေ့မှာ စ သတိပြုမိသလဲဆိုတော့ ၁၉ ဂျွန် .. အဲ့နေ့က အလုပ်အသစ်မှာစဆင်းရမယ့် ရက်လေ လစာလေးကမက်လောက်စရာဖြစ်နေပြီး ထမင်းလဲကျွေးတယ်ဆိုတော့ ကိုယ်အကြိုက်ကွက်တိ.. ဒါနဲ့ လက်ခံလိုက်တယ် Tour Company မှာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်.. ကိုယ့်ရဲ့တခြားသော စည်းဘောင်တွေနဲ့သူက ညီညွတ်နေပြန်တော့ ဒီလိုပဲလှည့်ပတ်တွေးရတာပေါ့.. ကဲပါလေ ကလေးလေးကိစ္စဆက်ပါဦးမယ်.. သူ့ကိုယ်သူကြော်ငြာဝင်နေတာက များနေတယ်.. အဲ့နေ့မနက် စောစောထတော့ .. ကျောင်းကလဲသွားရဦးမှာကိုး.. သြ ဘ၀နော်.. ဟိုစက်ဝန်းလေးကလဲ တစ်ပတ်လည်ရမယ့်ရက်ကို မလည်လေတော့.. စိတ်ကတော့ တမျိုးထင်နေတာပေါ့နော်.. ဒါပေမဲ့ မမှန်းရဲဘူး.. မဟုတ်မှာစိုးလို့.. အလုပ်ပြန်ဝင်တော့မယ်ဆိုရင်တော့ သေသေချာချာသိဦးမှဖြစ်မယ်ပေါ့.. ဒါမှ ကိုယ့်ကိုယ်ကို ဂရုစိုက်စရာရှိ စောစောစီးစီး စိုက်နိုင်မယ်လေ.. ကလေးလေးအတွက် အစပြုကတည်းက ဘာမှမထိခိုက်စေချင်တဲ့ မိခင်မေတ္တာအစပေါ့.. သူငယ်ချင်းမတစ်ယောက်ကလည်း ကိုယ့်ကိုယ် ကိုယ်ဝန်ရှိနေပြီလို့ အိပ်မက်မက်ထားလေတော့ ကိုယ်လည်း အဲ့နေ့မနက်က ဆီးစစ်ကြည့်လိုက်တယ်ပေါ့ကွယ်.. မမှန်းရဲမှန်းရဲနဲ့ မျက်စိလေးမပွင့်တပွင့်ဖြဲကြည့်.. ဟယ် ဟုတ်တယ်တော့ ဟုတ်တယ်.. နှစ်တန်း နှစ်တန်း .. နှစ်တန်းဆိုတာ positive လေ.. အိမ်ဦးနတ်ကြီး အိပ်မောကျနေတာကို ပြေးနိုး.. ဟုတ်တယ် သူကဒီအချိန်မှ အိပ်မောကျရတာ ညဆို သူ့အလုပ်နဲ့မအိပ်ဖြစ် မနက် သုံးနာရီလေးနာရီဆိုတာ ပုံမှန်.. ကိုယ်နိုးတဲ့အချိန် သူကအိပ်မောကျပေါ့.. အဲ့ဒါနဲ့နိုးပြီး နှစ်တန်း နှစ်တန်းဖြစ်နေပြီ ဟင်ဟုတ်လား.. မျက်စိပွတ်သပ်အတင်းပြူးပြဲကြည့်... လင်မယားနှစ်ယောက် အပျော်တွေ မျှဝေလို့.. သူက ပီတိလေးနဲ့ပြန်အိပ်.. မီးချစ်က ပီတိလေးနဲ့ကျောင်းသွား ရုံးသွား.. နှစ်တန်းပေါ်တာလေး ဓါတ်ပုံရိုက်လာပြီး ဖေ့ဘွတ်မှာတင်.. သူများတွေဆုတောင်းပေးတာနဲ့ ပီတိလေးဆက်ခံ..



အင်တာနက်မှာ လျှောက်ရှာဖတ် .. ဘလော့ဂါမမများရဲ့ ကလေးမွေး အတွေ့အကြုံ.. ကိုယ်ဝန်သည်ဘ၀ ဂရုစိုက်ပုံ.. babycenter မှာလည်း လိုအပ်သည်များကို လေ့လာ.. ကိုယ်ဝန်ရှိတယ်လို့ သိသိချင်း ဗိုက်အပ်ရမယ်ဆိုတာကို သတိထားမိတယ်.. ကိုယ်ဝန် လေး ငါး လမှ ဗိုက်အပ်ကြတာ မှားတယ်တဲ့.. ကိုယ်ဝန်ကို အကြမ်းအားဖြင့် သုံးပိုင်းပိုင်းနိုင်ပြီး ပထမသုံးလ ဒုတိယသုံးလ နဲ့ တတိယသုံးလပါတဲ့.. ပထမသုံးလမှာ ကလေးလေးကအစအဆုံး အကုန်စတင်ဖွံ့ဖြိုးရတာမို့လို့ သိပ်အရေးကြီးပါသတဲ့လေ.. ဟယ် မဖြစ်ချေဘူး.. ငါ အိုဂျီတစ်ယောက်တော့ ပြဦးမှ.. ဗဟိုအမျိုးသမီးဆေးရုံမှာထိုင်တဲ့ အိုဂျီနဲ့ပဲပြမယ်ပေါ့.. နောက်တစ်နေ့ ရုံးဆင်းတော့ ရုံးကညစာလိုက်ကျွေးတာနဲ့ လိုက်စား.. စားရတဲ့ဆိုင်က ၇န်ကင်းမှာ.. စားပြီး အိမ်ဦးနတ်ကိုဖုန်းဆက်ကြည့်တော့ သူက သင်္ဃန်းကျွန်းက ပြန်လာနေတယ် ကားပေါ်မှာတဲ့.. ဒါဆို အတော်ပဲ မီးချစ်ကိုလှည့်ခေါ်ပါပေါ့.. အဲ့ဒါနဲ့သူလာခေါ်အောင်စောင့်ရင်း တခြားလုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်.. hot line 1876 ကိုဖုန်းဆက်ပြီး သျှင်ပါဂူဆေးခန်း ဖုန်းနံပါတ်မေး.. ကိုယ်က ကျောက်မြောင်းမှာနေတာဆိုတော့ နီးနီးနားနားပဲ ပြမယ်ပေါ့.. သျှင်ပါဂူကိုဖုန်းဆက်ကြည့်တော့ ဆရာဝန်ထိုင်တဲ့အချိန်တွေက ကိုယ့်ရုံးချိန်နဲ့အဆင်မပြေ.. အဲ့လိုအချိန်မှာပဲ သူကရောက်လာ.. ကားပေါ်မှာ ဆက်လက်ဆွေးနွေးကြပေါ့.. သူက သူငယ်ချင်းကားနဲ့လာတာဆိုတော့ သူငယ်ချင်းက ကားမောင်းရင် ရွှေညောင်ပင်ဆေးခန်းမှာလဲ ဗဟိုအမျိုးသမီးဆေးရုံက အိုဂျီတွေရှိတယ်လေတဲ့.. အို ဟုတ်ပြီ ဒါဆို အခုသွားရင်းနဲ့ ၀င်မေးကြည့်မယ်.. အနားရောက်တော့ သူ့ကားခဏရပ်ခိုင်းပြီး အိမ်ဦးနတ်က ဆင်းမေးကြည့်တော့ အဆင်သင့်လိုက်လေ အိုဂျီက အခုရောက်နေပြီ တစ်ခါတည်းပြမလားဆိုတော့ ပြမယ်ပေါ့.. အဲ့ဒါနဲ့ ကလေးလေးကို ဆရာဝန်နဲ့စတင်မိတ်ဆက်ပေးတယ်.. ဆရာဝန်နာမည်က ဒေါ်အေးအေးတင့် တဲ့ professor ပါ.. professor ကိုမှ ပြမယ်လို့ ရွေးထားတာမဟုတ်ပေမယ့် ကလေးကံလေးနဲ့ အဆင်သင့်သွားတာ.. အိုဂျီမမက မှာစရာရှိတာမှာပေါ့.. ကိုယ်ဝန်ဆိုတာသေချာအောင် ကလေးနှလုံးခုန်မခုန်ကြည့်ရအောင် နောက်လမှာ ultrasound ရိုက်ရမယ်တဲ့.. ကောင်းပြီလေ မှတ်သားစရာရှိတာမှတ်သားလို့.. အိုဂျီမမကို အတွန့်တက်လိုက်သေးတယ်.. သက်ဦးကိုယ်ဝန်လဲဖြစ် အရမ်းလဲလိုချင်နေတာမို့လို့ ကလေးလေးတစ်ခုခု အချွတ်အချော် အတိမ်းအစောင်းဖြစ်သွားမှာ စိုးမိတယ် ပေါ့.. အိုဂျီမမက သားအိမ်ခိုင်ဆေးထိုးဖို့ ညွှန်းပေးတယ်.. MO နဲ့ လာပြန်ထိုးရမယ် အိုဂျီကိုယ်တိုင်တော့ ထိုးမပေးဘူးတဲ့.. နောက်နေ့ ဆေးလာထိုးတယ်ပေါ့.. MO ကလည်း ဂွက်ဆို ထိုးချလိုက်တာ ဘာမှလည်း မပြော.. စကားတောင်ပြောတတ်ရဲ့လား ထင်ရတယ်.. ချေရမလားလဲ မသိ.. အပြင်ကောင်တာမှာ ပိုက်ဆံရှင်းကာကျမှ နက်စ်မလေးက ချေပေးအမ ဆေးကနာတယ် အဆီမို့လို့တဲ့.. အဲ့ကျမှ ကိုယ်လည်း ချေရတယ်.. အိမ်ရောက်ပြီး တစ်ရက်နှစ်ရက်အထိ တင်ပါးမှာ အလုံးစမ်းမိပြီးနာနေလို့ ပြန်ခွဲပြုနေရရင် ဒုက္ခပဲဆိုပြီး အိမ်ဦးနတ်က ရေနွေးပုလင်းနဲ့ ချေပေးရှာတယ်.. ပူလည်းပူ နာလည်းနာပေါ့.. ကလေးများထိနေမလားလို့ အရမ်းလဲ မချေရဲကြဘူး.. တင်ပါးကထိုးတာ သားအိမ်ကိုခိုင်တယ်ဆိုတော့ တင်ပါးကချေတာလဲ သားအိမ်ထဲမှာရှိတဲ့ ကလေးထိချင်ထိနိုင်တယ်လေ.. ရက်နည်းနည်းကြာတော့ တဖြည်းဖြည်းပျောက်သွားလို့ တော်သေး.. ဟူးးး ချစ်လိုက်ရတာ ကလေးလေးရယ်။ ။