Thursday, December 31, 2015

ယောကျာ်း ယောကျာ်း ယောကျာ်း


မနေ့က သူ အစာအိမ်အောင့်ပြန်တယ်.. ဗိုက်ဆာနေတာကို ရေလေး အချို၇ည်လေး အရင်မသောက်ပဲ.. ပုစွန်သုပ် အစပ်တွေနဲ့ ထမင်းစားပြစ်တယ်.. ထုံးစံအတိုင်း သူထမင်းစားတာက မြန်တော့ ပိုဆိုးပေါ့.. ဗိုက်အောင့်ချင်ချင်ဖြစ်နေရာကနေ အောင့်ပါလေရော.. အိမ်ရောက်တော့လည်း မဲ့ရှုံလို့ မျက်နှာက..
သွေးပါတိုးလာသေးလို့ သွေးကျဆေးတစ်လုံးသောက်.. သူ့မလည်း တစ်ခုခုဆိုသွးတိုးကြောင့်လားဆိုတဲ့ psycho က တစ်မျိုး.. ဒါ့အပြင် မနက်က မိန်းမချက်ကျွေးတဲ့ဟင်းက ငန်လို့ဆိုပြီး စေတနာကိုစော်ကားစွပ်စွဲလိုက်သေး.. (၀မ်းနည်းတယ်).. ကိုယ့်မှာရှိတဲ့ သားနားနေချိန်လေးကနေ ဖဲ့ပြီး မနက်စောစောမထချင်ပဲထ ချက်ကျွေးရတာ သူပိန်နေတာကြီး မကြည့်ရက်လို့.. အပြင်စာတွေပဲစားနေရတာ ကင်ဆာလိုမျိုး ရောဂါကြီးတွေ ၀င်လာမှာစိုးလို့... ကိုယ်မှမချက်ခဲ့ရင် သူဆိုင်မသွားခင် သားအတွက် လုပ်ပေးနေရမစိုးလို့... ဒါတွေ သူနားမလည် .. တစ်ခုခုအဆင်မပြေရင် ဒီမိန်းမဟင်းချက်တာကိုပဲ မယုံမကြည် စိတ်မချ စွပ်စွဲချင်တော့တာ.. စေတနာနဲ့မတန်သော ယောကျာ်း
သွေးကတော့ကျသွား ဗိုက်အောင့်ကမသက်သာ အာ့နဲ့ပဲ ဆေးခန်းပြေးရလေသတည်းပေါ့.. အရင်တာမွေမှာနေတုန်းက သျှင်ပါဂူသည် ဖောက်သည်.. ခု စမ်းချောင်းရောက်လာတော့ အာရှတော်ဝင်နဲ့ မနေ့က မိတ်ဆက်ဖြစ်ကြသည်...
ပင်ပန်းတယ်.. ကိုယ့်မှာ ကျန်းမာသောခန္ဓာကိုယ် သင့်တင့်သောပညာအရည်အချင်း နဲ့ သူများထက်မသာတောင် မလျော့သော အိမ်ေ်ထာင်ဘက်ဖြစ်ခဲ့ပါလျက်.. ကိုယ့်ကျမှ ဘာလို့ မကျန်းမာတဲ့အိမ်ထောင်ဘက် ပင်ပန်းစွာရုန်းကန်နေရသော အိမ်ထောင်ဘက်ပဲ ရခဲ့ပါလိမ့်
အဲ့လိုပြောရအောင် သူလည်းကောင်းခဲ့ အဆင်ပြေခဲ့ ကိုယ့်အပေါ်အနွံတာခံခဲ့ပါတယ်
ဒါပေမယ့် ဒီအချိန်မှာတော့ ဒါတွေထက် ဘာလို့မကျန်းမာတဲ့သူဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းပဲ အထပ်ထပ်အခါခါ ကိုယ့်ဘာသာကိုယ်ပြန်မေးပြီး ကိုယ့်စိတ်ကိုယ်ပဲနှိပ်စက်နေမိတော့တယ်..
သူ မကျန်းမာလို့ ငါ့အပေါ် အားနာစိတ်ရောဖြစ်မိရဲ့လား.. ငါကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်မယ်ဆိုတဲ့ စိတ်ကူးမျိုးရော ရှိရဲ့လား.. အဲ့လိုဆိုပြောမှာပေါ့ မတည့်ဘူးဆိုတဲ့ဟာတွေ ဘာမှမစားပဲ နေတယ်လေဆိုတာမျိုး.. မစားတော့ဘာဖြစ် အာဟာရမရရုံပေါ့ ဘယ်အရာမဆို တန်ဆေးလွန်ဘေးလေး သင့်တင့်မျှတအောင်တော့ စားဦးမှပေါ့.. မိန်းမမို့လို့ ဒီလိုစီစဉ်ပေး ဒီလိုပြောပြရင် မဟုတ်ဘူးချည်းထင်တော့တာ.. ဘယ်ဘ၀က ငါ့ဝဋ်ကြွေးလဲ
ကိုယ့်အတွက် ဘာမှအကျိုးမပြုသော ကိုယ့်ပတ်ဝန်းကျင့်လည်း အနှောင့်ယှက်ဖြစ်စေသော ကွမ်းယာကျတော့ စားပြပါလိမ့်မယ် အဆက်မပြတ်
အဲ့လောက် အသက်ကြီးပါလျက် အသိခေါက်ခက် အ၀င်နက်နေမှတော့ .. ကိုယ့်ကိုနှိပ်စက်ဖို့သပ်သပ် သူလူဖြစ်လာတယ်လို့ပဲ သတ်မှတ်ချင်တော့တယ်...
ကိုယ်မကျန်းမာတာ ကိုယ်နေမကောင်းတာ ကိုယ့်ဘာသာကိုယ် ခံစားရတယ်မထင်နဲ့... ဘေးကလူမှာလည်း လူရောစိတ်ပါ ပင်ပန်းရတယ်.. ကိုယ့်ဝန်ကိုယ်မထမ်းနိုင်လို့ သူများက ကူထမ်းရတဲ့ဘ၀ကို သဘောကျနေတတ်တဲ့ လူမျိုးဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ

Tuesday, December 22, 2015

ပါရာစီတမော


Paracetamol တဲ့ ချူချာတဲ့သားသားအတွက်တော့ မစိမ်းတဲ့ဆေးပေါ့
ဖျားတဲ့အခါ ကိုယ်အပူချိန်မြင့်တဲ့အခါ တိုက်ရတဲ့ဆေးလို့တော့ သိကြမှာပေါ့နော်.. ဒါမဲ့ ဖျားတာ ကိုယ်အပူချိန်မြင့်တာဟာ ရောဂါမဟုတ်ဘူး.. ခန္ဒာကိုယ်ထဲ ရောဂါပိုးမွှားဝင်ရောက်နေပြီဆိုတဲ့ လက္ခဏာသာဖြစ်တယ်လို့ ပညာတတ်မိဘတော်တော်များများတောင် မသိကြပါဘူး.. နေမကောင်းရင် အဖျားကျဖို့ပဲ စိတ်လောနေတတ်တာမျိုးပေါ့... ဒီအဖျားကို ဂရုစိုက်နေရမယ် ဒါဟာ လက္ခဏာတစ်ရပ်ဖြစ်တယ်.. ကလေး မအီမသာဖြစ်တယ် မခံရပ်နိုင်ဘူးဆိုမှသာ ပါရာစီတမော တိုက်သင့်ပါတယ်.. နောက်တစ်ခုက ပါရာစီတမောဟာ ပိုးသတ်ဆေးမဟုတ်တဲ့အတွက် ဆေးပတ်လည်ခြင်း မလည်ခြင်း မရှိပါဘူး.. ဖျားရင်တိုက်နိုင်ပြီး မဖျားရင်ရပ်ထားလို့ရပါတယ်.. ဒါပေမယ့် အဖျားမကျဘူးဆိုပြီး တစ်ကြိမ်နဲ့တစ်ကြိမ် အလွန်နီးကပ်စွာ မတိုက်သင့်ပါဘူး.. 4 နာရီကနေ 6 နာရီတော့ ပျမ်းမျှအားဖြင့် ခြားရပါမယ်..
ကလေးမိဘတော်တော်များများက ဆေးအညွန်းထဲကအတိုင်း အသက်အရွယ်နဲ့တိုက်ရမယ် ထင်နေတတ်ပါတယ်.. တကယ်တော့ ဒါဟာ မှားပါတယ်.. အသက်အရွယ်မှာ ရှိနေတဲ့ကိုယ်အလေးချိန်တွေမှ မတူကြပဲလေ.. ကျွန်မကတော့ ကိုယ်အလေးချိန်နဲ့တွက်ပြီး တိုက်ရတဲ့နည်းကို ပိုအားပေးချင်ပါတယ်.. အသက်ကတော့ တစ်နှစ်ချင်းတူတူပါပဲ ညှပ်တဲ့ကလေးက ဆေးပိုများတဲ့ဒဏ်ခံရပြီး အသဲထိနိုင်သလို ထွားတဲ့ကလေးက ဆေးမတိုးတဲ့ဒဏ်ခံရပြီး ဆေးယဉ်သွားနိုင်ပါတယ်... မသိမသာနဲ့ ကြောက်စရာကောင်းပါတယ်
ဒါကြောင့် ခေတ်မီ ဆရာဝန်/ဆရာမ များရဲ့ တွက်ချက်နည်းအတိုင်း ကလေးရဲ့ ခန္ဒာကိုယ်အလေးချိန်ကို 15နဲ့မြှောက် မီလီဂရမ် ရလာမယ်.. ဆေးအလုံးဆိုရင်တော့ သူ့ဂရမ်အတိုင်းရအောင် ဥပမာ 200မီလီဂရမ်တစ်လုံးဆိုပါတော့ 100မီလီဂရမ်ပဲတိုက်ရမှာဆို တစ်ခြမ်းခြမ်းတိုက်လိုက်တာမျိုးပေါ့..
အယ် ဒီနေရာမှာ အရည်ကျတော့ နည်းနည်းတွက်ရခက်တယ်.. အဲ့တော့ အလွယ်တွက်လို့ရအောင် အင်တာနက်ကနေ ဒီဇယားလေးတွေ့လာလို့ မျှချင်ပါတယ်
ကလေးရဲ့ ကိုယ်အလေးချိန်တိုင်းပဲ တိုက်သွားဖို့ပါ

Quick dosing guide - if not using the calculator



Friday, December 18, 2015

သွက်လက်ချက်ချာ တစ်နေ့တာ


ခုတလော စာတွေပဲ ရေးချင်စိတ်ပေါက်နေလို့
ရုံးမဆင်းခင်လေး ပို့စ်တစ်ခုလောက် တင်ဦးမှပါ .. အင်းးး ဒီနေ့ တနေ့တာ အကြောင်းရေးမယ်
မနက် ခြောက်နာရီနှစ်ဆယ်မိနစ်မှာ အိပ်ယာနိုးပါတယ်.. ထမင်းအိုးတည်ပါတယ်.. ပထမဆုံးရက်အဖြစ် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ကြည့်ပါတယ် (လှချင်နေတာ ခုတလော).... စကင်းကဲ ကောင်းကောင်းဝယ်ရမှာနှမျှောလို့ အိမ်တွင်းနည်းတွေပဲ လိုက်လုပ်ဖြစ်.. ဒါတောင် မနေ့က သားသားအတွက် အကျီတစ်ထည်တော့ ဘတ်ခနဲဝယ်ပလိုက်သေးတာ.. ဒါမျိုးကျ မနှမျှော..
ကဲ ထမင်းအိုးတည်ပြီးတော့ အာလူးပြုတ်အိုးတည် ဈေးပြေး.. ငါးခြောက်သည်နဲ့ ကတောက်ကဆဖြစ်.. ကိုယ့်အတိုင်းအတာနဲ့ကို သုံးထောင်ဖိုးပဲ ယူပါမယ်ဆို ငါးထောင်ဖိုးအတင်းယူခိုင်း မယူဘူး မယူဘူး အထပ်ထပ်ပြောတော့ လေးထောင်ဖိုးထည့်လိုက်တယ်.. စိတ်ပေါက်ပေါက်နဲ့ ထားခဲ့ပြီး ထထွက်လာခဲ့တယ် ကောင်မလေး ကောင်မလေး လှမ်းအောင်တယ် လက်ခါခါ ခြေခါခါပဲ ဆက်ထွက်ခဲ့တော့ ဈေးဦးပေါက်ကြီး ယူသွားပါတဲ့.. ယူဘူး.. ဘူးဆိုဘူးပဲ
အာ့နဲ့ နဂိုမူလဘူထ သစ်သီးကုလားဟင်း (သူ့အဖေအခေါ်) အမှန်က သီးစုံပဲဟင်းလေ ချက်ဖို့ဟာကို အစီစဉ်ပြောင်းပြီး ငါးခူတွေ့တော့ သားသားချွဲကျပ်တာ ရဲယိုရွက်လေးကျွေးရဖို့ သတိရပြီး ငါးခူဝယ် မုန်လာဥချဉ်ဟင်းနဲ့တွဲမယ်ဆိုတဲ့ စိတ်ကူးနဲ့ မုန်လာဥ၀ယ် ရဲယိုရွက်လိုက်ပတ်ရှာ မတွေ့.. စိတ်လျှော့ အပြန်လမ်းကျမှ တွေ့ အားရ၀မ်းသာဝယ်.. အိမ်ကအာလူးအိုး သတိရ ယောကျာ်းကိုဖုန်းဆက်နှိုး အာလူးအိုးပိတ်ပေးပါ ပလိစ် :P
ပြီးတော့ အိမ်ကိုအမြန်ဆုံးနှုန်းနဲ့ပြေး.. ရောက်မဆိုက် သားသားအတွက် အာလူးထမင်းနယ်လုပ်ပေး ခရမ်းချဉ်သီးပြုတ် အခွံနွှာဆီသတ် ကြက်သွန်ဖြူဆီသတ် အားလူး ထမင်း အားလုံးရောနယ် ဒါပါပဲ
အာလူးက ကာဘိုဟိုက်ဒရိတ်ဆိုတော့များများစားစေချင်တယ်လေ ပုံစံအမျိုးမျိုး လုပ်ပေးရတာပေါ့
ငရုတ်သီးထောင်း ဆီသတ် နယ်ထားတဲ့ငါးခူထည့် ဆီပြန် ရဲယိုရွက် တစ်ခွက်ပြီး
ဆီသတ်ထားတဲ့ငါးခူထဲက ခေါင်းတွေထုတ်ပြီး အိုးတစ်လုံးနဲ့ဖယ် မုန်လာဥလှီးထည့် အရသာထည့် ရေထည့်တည် ဆူတော့ မန်ကျည်းသီးခတ် ဒီတွင်မုန်လာဥချဉ်ရည်ပြီး
ရှစ်နာရီကျော်ချေပြီ ဒန်တန့်တန် ဆယ့်ငါးမိနစ်စံချိန်နဲ့ ရေချိုး ဘေဘီခရင်မ်လေး မျက်နှာပွတ် အကျီလဲ ပိုက်ဆံအိတ်လွယ် ရုံးကိုပြေး.. တက်စီပေါ် လမ်းမှာတင်ပဲ တူးဝေးလေးပုတ်.. ခြေထောက်ကလေး ယာကျိကျိဖြစ်ရင် body butter လေး လိမ်းပေါ့လေ.. ဒါမဲ့ ခုနောက်ပိုင်းအဲ့ဒါ သိပ်မလိမ်းဖြစ် The Body Shop က body butter က အနံ့ပြင်းလို့ တက်စီသမားက ဘာများလဲလို့ စပ်စုစိတ်ဝင်စားတာကို မကြိုက်လို့ ကဲ ဆယ့်ငါးမိနစ်နဲ့ နာရီဝက်အတွင်း ရုံးရောက်ပါသည်
မနက်စာစား အီးမေးလ်စစ် အလုပ်လုပ်ပေါ့လေ.. နေ့လည်ရောက် သူငယ်ချင်းများနှင့် နေ့လည်စာစား (အပျော်ဆုံးအချိန်).. ညနေရောက် ကျားကျားနဲ့ ထွက်လာပြီလား မလာသေးဘူးလား ချိန်း.. အိမ်သို့တူတူပြန်
အိမ်ရောက် ဘ၀ရဲ့အဓိပ္ပာယ်အရှိဆုံးအချိန်လေးပေါ့.. အချစ်ရဆုံးလေးနဲ့ တစ်တီတူးရချိန်
နောက်တစ်နေ့မနက်အတွက်ပြင်ဆင်လို့ .. အစီအစဉ်ပြီး၏

Tuesday, December 15, 2015

၅၂၈



သားကို ခုထိနို့မဖြတ်ရက်သေးတော့ .. အမေနို့သိပ်ကြိုက်တဲ့သားသားက ညတိုင်း နို့စွဲတုန်းပေါ့.. မအိပ်ရပါ
မမွေးခင် ကိုယ်ဝန်လရင့်လို့ အိပ်ရေးပျက်သည်မှစ ဒီနေ့ထက်တိုင် တစ်ညမှ အိပ်ရေးဝခြင်းဖြင့် မအိပ်ခဲ့ရပါ.. ဒါမဲ့ နေသားကျနေပါပြီ.. အရင် အပျိုဘ၀မှာသာဆို ဒီလိုအိပ်ရေးပျက်လို့က သေချာတယ် မူးတာတွေရူးတာတွေ ဖြစ်နေလောက်ပြီ.. ဒီလိုလည်း run နေနိုင်မယ် မဟုတ်ပေဘူး.. ခုတော့ မိဘဆိုတဲ့မေတ္တာတွေ အသွေးထဲအသားထဲ စီးဆင်းနေခဲ့ပြီ.. ဘ၀မှာလည်း အတော်နေပျော်တဲ့အသက်ရွယ်ရောက်ခဲ့ပြီဆိုတော့ ခံနိုင်ရည် ရှိနေပါပြီလေပေါ့
ကိုယ်တစ်ယောက်တည်း အိပ်ရေးပျက်တယ်မထင်ပါနဲ့ သူ့အဖေလည်း အိပ်ရေးပျက်ပါတယ်.. မဟုတ်ရင် ဘယ်မျှတပါ့မလဲ
ဒါမဲ့လည်းလေ ကိုယ်နှိုးမှသူက အိပ်ရေးပျက်ရတာပါ.. ကိုယ်တွေ မိခင်ဘ၀များတော့ ဘယ်သူမှမနှိုးလည်း ကိုယ့်စိတ်က အလိုလိုအနှိုးခံနေရ.. ပါးကလေးစမ်း လက်ကလေးခြေကလေးစမ်း အေးနေလားဟဲ့ ကျောတွေစမ်း ချွေးတွေထွက်လို့များ ချွေးနဲ့ပြန် အအေးပက်နေမှာလား.. နေမကောင်းရင် သူများနဲ့တူတာမဟုတ်.. အလွန်ဆေးတိုက်ရခက်.. အဲ့သည်ကြားထဲ ခဏခဏ ချူချာလေတော့ ဒီအမေ ဖြောင့်ဖြောင့်မအိပ်နိုင်တာ မဆန်းပါဘူးနော်

အဲ့လိုတွေ တစ်ညတစ်ညအိပ်ရေးပျက်နေပေမယ့် မနက်မထနိုင်ပေမယ့် ကြိုးစားပမ်းစားထလို့ တစ်ခါတစ်ရံ ထမင်းဟင်းချက်ခဲ့ပါသေးတယ်.. ကိုယ်မှမချက်ရင် သူ့အဖေက အလုပ်ချိန်နည်းသူမို့ ချက်ရလေတော့ ကိုယ့်အပေါ်ငြိုငြင်သပေါ့လေ.. တရားကျတယ်နော်
အလုပ်လုပ်ရတာလဲ သိပ်တော့မကာမိဘူးတောင် ပြောရမလားပဲ.. လစာကောင်းတာပဲ လူမြင်တာ.. အသွားအပြန် ကားခ.. ထမင်းဗူးမထည့်နိုင်တော့ ၀ယ်စားတဲ့စားရိတ်.. ဒါပေမဲ့လည်းလေ သူ့အဖေလိုတဲ့အခါ အလုံးလိုက်ပေးနိုင်လေတော့ အဲ့ဒါလေး အားတင်းပြီး လုပ်နေရတာပေါ့.. တကယ်တော့ သူ့အဖေပိုက်ဆံတွေသည်လည်း ကလေးထိန်းခ အိမ်စရိတ် သားအတွက်အစစအဆင်ပြေအောင် ငွေလမ်းခင်းနေရတာပါပဲ.. အဲ့တော့ ကိုယ်တွေမှာ ပင်ပန်းသလောက် အရာမထင် မစုမိနိုင်
အိမ်ငှားနေရတဲ့ဘ၀ဆိုတော့ ပိုဆိုးပြီပေါ့.. သားအတွက် အိမ်ပိုင်လေးရနိုးဆိုတဲ့ ဇောနဲ့သာ နှစ်ယောက်စလုံး အပင်ပန်းခံ ကြုံးရှာနေကြတာ.. တကယ်တော့ သူရောကိုယ်ပါ ခါးချည့်လှပြီ
သူ့မလည်း အိမ်ရှင်မက သူများတန်းတူ အိမ်အတွက် 24နာရီ တာဝန်မထမ်းဆောင်နိုင်တော့ သူပါ တစ်နိုင်ဝင်ထမ်းပေါ့.. ကိုယ့်မလည်း သူ့လုပ်စာတစ်ခုတည်းနဲ့ မရပ်တည်ရဲတော့ အိမ်နေချင် သားနားကပ်ချင်ပေမယ့် အပြင်ထွက် အလုပ်လုပ်နေရ.. မောပါတယ်

မနက်မိုးလင်းကနေ စပင်ပန်းလိုက် စိတ်ဖိစီးလိုက်တာ ညအိမ်ပြန်ရောက်ချိန် သားသားရဲ့ တစ်နေ့တစ်မျိုး မရိုးအောင် လည်နေတာတွေ.. ဥာဏ်ရည်ထက်မြက်နေတာလေးတွေကြောင့် သိပ်စိတ်ချမ်းသာရပါတယ်.. ကိုယ်ဝန်ရှိကတည်းက ကျွန်မအစိုးရိမ်ဆုံးက သားဥာဏ်ရည်ပါ.. ကျွန်မတောင်းတဲ့ဆုက တစ်ခုတည်းပါ သူများနည်းတူ သင်ယူနိုင်စွမ်းရှိသူ ဖြစ်စေချင်တာပါပဲ.. ကျွန်မရဲ့ plan ကိုက ကိုယ့်သားသမီးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တွန်းတင်ပံ့ပိုးပေးမယ်.. သူသာ လက်ခံယူနိုင်သူ ဖြစ်ဖို့ပါပဲ.. ခုတော့ ကျွန်မဆုတောင်းအတွက် အတိုင်းထက်အလွန် ပြည့်ခဲ့ပါတယ်.. ငယ်စဉ်ကတည်းက အစားအသောက်ကို အရမ်းဂရုတစိုက်ကျွေးမွေးခဲ့ရတဲ့ အကျိုးပါ.. ကလေးများအတွက် အစားအသောက်ဆိုတာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အပြင် ဦးနှောက်ထက်မြတ်ဖို့အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ပါ.. နှို့မှုန့်တိုက်ရတာချင်းတူရင်တောင် ပိုအကုန်ခံ အပင်ပန်းခံပြီး DHA ပါတဲ့ နှို့မှုန့်ကိုမှ မှာတိုက်ခဲ့တာပါ.. ပစ္စည်းကွာလတီချင်းမတူမှာစိုးလို့ မြန်မာပြည်ကိုဝင်တဲ့ minus ပြနေတဲ့ အရည်အသွေးမမီတွေကိုရှောင်ပြီး ပို့ခတွေပိုအကုန်ခံလို့ ပြည်ပကကိုမှာတိုက်ဖြစ်ပါတယ်.. အင်တာနက်မှာ တစ်နေ့တစ်နေ့ မရိုးအောင် လှည့်ပတ်ရှာ မှတ်လာ.. မရမက လိုက်ရှာဝယ်ပြီး ဒီအရွယ်မှာ ဒီအသီး ဒီအသက်မှာတော့ ဒီငါးစားရမယ် စသဖြင့် အလွတ်မခံ အကုန်အတိအကျ လိုက်နာကျွေးမွေးခဲ့ပါတယ်.. ဘာမှပြန်ရလိုစိတ်မရှိပဲ သူလေးဘ၀ မြင့်တက်စေချင်တဲ့ မိဘရဲ့ ၅၂၈ အေးချမ်းတဲ့မေတ္တာသက်သက်နဲ့ပါ။ ။

တစ်နှစ်ဆယ်လ သားသား


ဘလော့ကို ဘယ်လောက်များ ပြစ်ထားသလဲဆို စာရေးဖို့ blogger dashboard ကိုတောင် မ၀င်တတ်တော့တဲ့အထိ
သိပ်တော့ အချိန်မပေးလိုက်ပါဘူး အကုန်ပိတ်ပြီး အစကနေပြန်ဖွင့်ပလိုက်တာပဲ ဟဲ ဟဲ
ဂျီမေးလ်အကောင့်ကလည်း ကိုယ့်မှာ ပါစင်နယ်နဲ့ အလုပ်ကိစ္စဆိုပြီး နှစ်ခုသုံးနေလေတော့ အကောင့်မှားဝင်မိတာက တပြသနာပေါ့လေ ဒါလည်း နိုးပလော်ပလန်ပါ
တကယ်တော့ ဘလော့မှာ စာတွေရေးချင်နေမိတာ သားသားကြီးပြင်းလာပုံအဆင့်ဆင့်လေး သူ အ၇ွယ်ရလာတဲ့အခါ ပြန်ဖတ်ဖို့ တင်မယ်တင်မယ် နဲ့ ပုံကအလွယ်တကူမရှိ ဘယ်ကစရေးရမှန်းမသိ.. မရေးတာကြာတော့ ရေးရမယ့်အကြောင်းအရာတွေကများ.. ခုတော့ စိတ်ပေါက်နေတုန်း ကမန်းကတန်းဖွင့်ရေးလိုက်တာ ဖတ်မိဖတ်ရာကသာ စဖတ်လိုက်ပါ မေ့ချစ်ဆုံးလေးရေ
သားသားတောင် 2နှစ်ပြည့်တော့မယ်.. လည်နေတာပေါ့ အစွမ်းကုန်.. ကိုးလကတည်းက စကားစပြောတဲ့သားသား ငါးလနဲ့မေမေလို့ ပီပီကြီးခေါ်နေတဲ့သားသားက ခု အရွယ်မှာ complaint လေး အငြင်းသန်လေး ဖြစ်နေပြီလေ
တစ်ခုခုဆို မဟုတ်ပါဘူးလို့ လူကြီးကပြင်ပေးရင်တောင် သူပြောတာပဲ အမှန်လုပ်ပြီး အတင်းငြင်းတတ်တာမျိုး ဆိုဆုံးမ မရဖြစ်မှာ စိုးမိပေမယ့် အဲ့လို ပြန်ပြန်ကပ်တာလေးကိုက ချစ်နေရတာ
ဥပမာ သူ့အကြိုက် babytv channel ကြည့်နေလို့ ကြက်ကလေးတွေလာတော့ သူ့အဖေက ကြက်ကြက်ပေါ့ သားသား .. သူက ကြက်မဟုတ်ပါဘူး ငှက်ပါ လို့ အဲ့လိုတစ်လုံးချင်းစီ ပီပီကြီးပြန်ပြောတာလေ.. သြ ကြက်ပါဆိုလည်း မဟုတ်ပါဘူး ငှက်ပါ နဲ့ လူကြီးလက်မလျှော့မချင်း ဇွဲကောင်းကောင်းနဲ့ ဖင်ပိတ်ငြင်းတာပေါ့...

ခုတလော သားသား အစားစားလာလို့ မေမေ၀မ်းသာရတယ် တစ်နှစ်နဲ့ဆယ်လမှာတောင် ပေါင်ချိန် 10kg ပဲ ရှိတဲ့သားလေးကို မေမေစိတ်ပူရလို့ ပါရမီဆေးရုံမှာ healthy child program မှာ မှတ်ပုံတင်ပြီး သုံးလတစ်ခါ ကျန်းမာရေးစစ်ဆေးဖြစ်တယ်.. အရမ်းကြီး ဖွံ့ဖွံထွားထွားဖြစ်စေချင်တာမျိုး မဟုတ်ပေမယ့် ရောဂါတစ်ခုခုဝင်နေလို့ မေမေမသိလိုက်ပဲ နောက်ကျမှာအစိုးရိမ်ဆုံးပဲလေ.. ကလေးတွေမှာ ခန္ဓာကိုယ်အလေးချိန်သည်လည်း အရေးကြီးသော လက္ခဏာတစ်ခုမဟုတ်လား
ခု တတိယတစ်ကြိမ်အပြမှာတော့ သားက 0.5kg လျော့သွားတယ် .. မေမေမပြုံးနိုင်တော့ဘူးလေ .. ပထမဆုံးအကြိမ်မှာ သားဟာကိုယ်အလေးချိန်နည်းပေမယ့် အစားအသောက်သူတို့အကြံပြုသလို ပြောင်းပေးလိုက်တော့ ဒုတိယသုံးလပတ်မှာ သားဟာ အလေးချိန်ပြန်တက်လာခဲ့လတယ် မေမေတပြုံးပြုံးပေါ့
ခု 28.11.2015 မှာ အလေးချိန်လည်းကျ ဒီသုံးလကြားထဲမှာလည်း နှစ်ခါပြန်တောင်ဖျားလိုက်တော့ မေမေစိတ်ပူပူနဲ့ တီဘီတွေဘာတွေ စစ်ဖို့လိုမလားလို့ ဆရာဝန်ကို မေးလိုက်တယ်.. သားသားဖိုးဖိုးကလည်း သားသားတစ်နှစ်ပတ်ချာလည်လောက်မှာ တီဘီဖြစ်လို့ ဆေးသောက်ရသေးတယ်လေ သားနဲ့တူတူမနေပေမယ့် တစ်ခါတစ်လေလာလည်ရင်ကျတော့ သားသားကအဖိုးပဲ ကပ်တာကိုး
အဲ့ဒါနဲ့ မေမေလည်း စိတ်ချရအောင်စစ်လိုက်မယ်.. ဆရာဝန်နဲ့ဆရာမတွေကလည်းပြောတယ် စစ်လိုက်ပါ တီဘီရှိနေလည်း စောစောကုရင် မြန်မြန်ပျောက်တယ်.. မွေးထားသလိုကြာနေရင် တီဘီက တခြားကလီစာတွေဆီ ပြန့်သွားမယ် ကုရခက်တယ် ဆိုတော့ မေမေလည်းစစ်ပလိုက်တယ်..


အဲ့တစ်ေ်ခါက်က သားကိုသွားစစ်တော့ မေမေနဲ့တူမ၀မ်းကွဲလေးရယ်ပဲ သားဖေဖေကမပါ.. ဘာမဆို သားဖေဖေကိုအားကိုးတတ်တဲ့ မေမေက နောက်တစ်ခေါက်မှလာထပ်စစ်ရမလားလို့ စဉ်းစားလိုက်သေးတယ်.. ဒါမဲ့ တစ်ရက်တစ်မနက်နဲ့ နောက်ကျသွားရင် ငါပဲ နောင်တရမယ်ဆိုပီး အားတင်းပြီး စစ်လိုက်တယ်.. သားကို သွေးဖောက်တာ ဓါတ်မှန်ရိုက်တာအားလုံး မငိုမိအောင် မနည်းတင်းရင်းပေါ့.. သားကို အားရှိအောင် ပြောပြပေးရတယ်.. သားသားရေ မမကသွေးဖောက်မယ် သားကိုအပ်နဲ့ထိုးမယ်နော် နည်းနည်းလေးပဲနာမယ် သားသားကအားရှိတယ်နော် ဆိုပြီး ခဏခဏ ရွတ်ပြောပြောပေးရတယ် ဒါတောင် သားကနည်းနည်းငိုတယ်.. ပုံမှန်ဆို တအားငိုမယ့်သားသားက မေမေ့စကားတွေကောင်းကောင်း နားလည်နေတော့ အားရှိတယ်ဆိုပြီး တင်းထားပုံရပါတယ်.. ချစ်လိုက်တာ
ဓါတ်မှန်ရိုက်တာတော့ သားတအားငိုတယ် မနာပေမယ့် တစ်ကိုယ်လုံးချွတ်ပြီး ကုတင်ပေါ်မှာ ပက်လက်ကြီးရိုက်ရတော့ မေမေအတင်းချုပ်ထားရတယ် သားရုတ်တရက်ငိုရင်း ထရပ်လိုက်ရင် စောင့်မိထိမိဖြစ်ကုန်မယ်လေ..
စစ်ဆေးတာတွေပြီးတော့ ရင်တမမဆုတောင်းနေရတယ်.. စိတ်ကိုလည်းပြင်ဆင်ထားတယ် တကယ်လို့သာ သားမှာတီဘီရှိနေရင် လစာဘယ်လောက်ရနေပါစေ ဒီအလုပ်ကို ငါထွက်ပလိုက်မယ်လို့.. ငါ့သားနားမှာ အချိန်ပြည့်နေပြီး တစ်ခါတည်းရောဂါအမြစ်ပြတ်အောင် ကုမယ်လို့ပေါ့
သုံးရက်စောင့်ပြီးတော့ အဖြေရတယ်.. အဲ့သုံးရက်ဟာ မေမေ့အတွက် သုံးလ သုံးနှစ်လိုပဲ သိချင်စိတ်တွေ သိပ်များနေတယ်.. အဖြေရမယ့်နေ့မှာတောင် ဆေးရုံမသွားရသေးခင် ဖုန်းလှမ်းဆက်မေးကြည့်သေးတယ်.. ဒါမဲ့ ဓါတ်ခွဲခန်းက အဖြေကြိုမပြောဘူး ဆရာဝန်နဲ့ ပြလိုက်ပါတဲ့
ညနေဘက် မေမေရုံးဆင်း ဖေဖေဈေးသိမ်းပြီးတော့ အိမ်ပြန်ကြ သားကိုခေါ် ဆေးခန်းပြေးကြတော့ သွေးအဖြေအားလုံး ကောင်းနေပါရက် ဓါတ်မှန်အဖြေက တီဘီလို့ပြောနေတယ် ဒါမဲ့ ကြည့်ပေးတဲ့ ဒေါက်တာဒေါ်ခင်နွယ်ဦးက အရမ်းကောင်းတယ်.. တီဘီဆေးမအွန်ချင်သေးဘူး သေချာအောင် နောက်ထပ် ဓါတ်မှန်ဆရာဝန်တစ်ယောက်နဲ့ second opinion တောင်းပါလို့ ပြောတယ်.. အဲ့ဒါနဲ့ ဓါတ်မှန်ဆရာဝန်ကြီး ဒေါ်အေးငယ်ငယ်နဲ့ ဖတ်ရမတဲ့.. ဓါတ်မှန်ကိုထပ်ခဲ့၇မယ် ဒါမဲ့ စနေနေ့မှာရမယ်တဲ့ .. ခု လာပြတာက တနင်္လာဆိုတော့ တစ်ပတ်နီးနီးစောင့်ရမှာပေါ့.. မေမေ မထပ်ခဲ့လိုက်ဘူး.. သားသားဖွားဖွားက အမျိုးသမီးဆေးရုံကြီးမှာ သူနာပြုဆိုတော့ အဲ့က ဓါတ်မှန်ဆရာဝန်တွေကို ဒီကြားထဲ ဖတ်ခိုင်းဦးမယ်ဆိုပြီး ပြန်ယူလာခဲ့တယ်.. အဖြေကို စောနိုင်သမျှစောစော သိချင်တယ်လေ..
အဲ့လိုနဲ့ အမျိုးသမီးဆေးရုံကဆရာဝန်ကြီးကဖတ်တော့ ဓါတ်မှန်မှာ အဆုတ်သည် clear ပါတဲ့.. တီဘီမရှိဆိုမှ မေမှော ဟင်း ချနိုင်တယ်... စနေရောက်လို့ ဒေါ်အေးငယ်ငယ်နဲ့ ပြန်ဖတ်တော့လည်း တီဘီမရှိပါပဲ..
ကျေးဇူးတင်ပါတယ် မေမေ့သားလေးရယ်