Thursday, August 8, 2013

ပထမဆုံး တံခါးခေါက်သံ


အင်း စာမရေးဖြစ်တာကြာလို့ စာလေးရေးဦးမယ်လို့ စဉ်းစားမိတယ်.. ဘာရေးရမှန်းတော့မသိ..
သြော် ရှိတာပေါ့.. ကလေးလေးရှိနေပြီဆိုတဲ့ အကြောင်းကို ရေးရမယ်လေ.. :) ပျော်သွားကြသလား.. ဟုတ်တယ် မီးချစ် မီးချစ်ရင်ထဲမှာလေ ကိုကို့ရင်သွေးလေးရှိနေပြီ ကိုကိုရဲ့ (ဗီဒီယိုကားတွေထဲက လေသံဖြင့်ပြောသည်).. ခိခိ အရမ်းပျော်တယ်... ဘယ်နေ့မှာ စ သတိပြုမိသလဲဆိုတော့ ၁၉ ဂျွန် .. အဲ့နေ့က အလုပ်အသစ်မှာစဆင်းရမယ့် ရက်လေ လစာလေးကမက်လောက်စရာဖြစ်နေပြီး ထမင်းလဲကျွေးတယ်ဆိုတော့ ကိုယ်အကြိုက်ကွက်တိ.. ဒါနဲ့ လက်ခံလိုက်တယ် Tour Company မှာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်.. ကိုယ့်ရဲ့တခြားသော စည်းဘောင်တွေနဲ့သူက ညီညွတ်နေပြန်တော့ ဒီလိုပဲလှည့်ပတ်တွေးရတာပေါ့.. ကဲပါလေ ကလေးလေးကိစ္စဆက်ပါဦးမယ်.. သူ့ကိုယ်သူကြော်ငြာဝင်နေတာက များနေတယ်.. အဲ့နေ့မနက် စောစောထတော့ .. ကျောင်းကလဲသွားရဦးမှာကိုး.. သြ ဘ၀နော်.. ဟိုစက်ဝန်းလေးကလဲ တစ်ပတ်လည်ရမယ့်ရက်ကို မလည်လေတော့.. စိတ်ကတော့ တမျိုးထင်နေတာပေါ့နော်.. ဒါပေမဲ့ မမှန်းရဲဘူး.. မဟုတ်မှာစိုးလို့.. အလုပ်ပြန်ဝင်တော့မယ်ဆိုရင်တော့ သေသေချာချာသိဦးမှဖြစ်မယ်ပေါ့.. ဒါမှ ကိုယ့်ကိုယ်ကို ဂရုစိုက်စရာရှိ စောစောစီးစီး စိုက်နိုင်မယ်လေ.. ကလေးလေးအတွက် အစပြုကတည်းက ဘာမှမထိခိုက်စေချင်တဲ့ မိခင်မေတ္တာအစပေါ့.. သူငယ်ချင်းမတစ်ယောက်ကလည်း ကိုယ့်ကိုယ် ကိုယ်ဝန်ရှိနေပြီလို့ အိပ်မက်မက်ထားလေတော့ ကိုယ်လည်း အဲ့နေ့မနက်က ဆီးစစ်ကြည့်လိုက်တယ်ပေါ့ကွယ်.. မမှန်းရဲမှန်းရဲနဲ့ မျက်စိလေးမပွင့်တပွင့်ဖြဲကြည့်.. ဟယ် ဟုတ်တယ်တော့ ဟုတ်တယ်.. နှစ်တန်း နှစ်တန်း .. နှစ်တန်းဆိုတာ positive လေ.. အိမ်ဦးနတ်ကြီး အိပ်မောကျနေတာကို ပြေးနိုး.. ဟုတ်တယ် သူကဒီအချိန်မှ အိပ်မောကျရတာ ညဆို သူ့အလုပ်နဲ့မအိပ်ဖြစ် မနက် သုံးနာရီလေးနာရီဆိုတာ ပုံမှန်.. ကိုယ်နိုးတဲ့အချိန် သူကအိပ်မောကျပေါ့.. အဲ့ဒါနဲ့နိုးပြီး နှစ်တန်း နှစ်တန်းဖြစ်နေပြီ ဟင်ဟုတ်လား.. မျက်စိပွတ်သပ်အတင်းပြူးပြဲကြည့်... လင်မယားနှစ်ယောက် အပျော်တွေ မျှဝေလို့.. သူက ပီတိလေးနဲ့ပြန်အိပ်.. မီးချစ်က ပီတိလေးနဲ့ကျောင်းသွား ရုံးသွား.. နှစ်တန်းပေါ်တာလေး ဓါတ်ပုံရိုက်လာပြီး ဖေ့ဘွတ်မှာတင်.. သူများတွေဆုတောင်းပေးတာနဲ့ ပီတိလေးဆက်ခံ..



အင်တာနက်မှာ လျှောက်ရှာဖတ် .. ဘလော့ဂါမမများရဲ့ ကလေးမွေး အတွေ့အကြုံ.. ကိုယ်ဝန်သည်ဘ၀ ဂရုစိုက်ပုံ.. babycenter မှာလည်း လိုအပ်သည်များကို လေ့လာ.. ကိုယ်ဝန်ရှိတယ်လို့ သိသိချင်း ဗိုက်အပ်ရမယ်ဆိုတာကို သတိထားမိတယ်.. ကိုယ်ဝန် လေး ငါး လမှ ဗိုက်အပ်ကြတာ မှားတယ်တဲ့.. ကိုယ်ဝန်ကို အကြမ်းအားဖြင့် သုံးပိုင်းပိုင်းနိုင်ပြီး ပထမသုံးလ ဒုတိယသုံးလ နဲ့ တတိယသုံးလပါတဲ့.. ပထမသုံးလမှာ ကလေးလေးကအစအဆုံး အကုန်စတင်ဖွံ့ဖြိုးရတာမို့လို့ သိပ်အရေးကြီးပါသတဲ့လေ.. ဟယ် မဖြစ်ချေဘူး.. ငါ အိုဂျီတစ်ယောက်တော့ ပြဦးမှ.. ဗဟိုအမျိုးသမီးဆေးရုံမှာထိုင်တဲ့ အိုဂျီနဲ့ပဲပြမယ်ပေါ့.. နောက်တစ်နေ့ ရုံးဆင်းတော့ ရုံးကညစာလိုက်ကျွေးတာနဲ့ လိုက်စား.. စားရတဲ့ဆိုင်က ၇န်ကင်းမှာ.. စားပြီး အိမ်ဦးနတ်ကိုဖုန်းဆက်ကြည့်တော့ သူက သင်္ဃန်းကျွန်းက ပြန်လာနေတယ် ကားပေါ်မှာတဲ့.. ဒါဆို အတော်ပဲ မီးချစ်ကိုလှည့်ခေါ်ပါပေါ့.. အဲ့ဒါနဲ့သူလာခေါ်အောင်စောင့်ရင်း တခြားလုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်.. hot line 1876 ကိုဖုန်းဆက်ပြီး သျှင်ပါဂူဆေးခန်း ဖုန်းနံပါတ်မေး.. ကိုယ်က ကျောက်မြောင်းမှာနေတာဆိုတော့ နီးနီးနားနားပဲ ပြမယ်ပေါ့.. သျှင်ပါဂူကိုဖုန်းဆက်ကြည့်တော့ ဆရာဝန်ထိုင်တဲ့အချိန်တွေက ကိုယ့်ရုံးချိန်နဲ့အဆင်မပြေ.. အဲ့လိုအချိန်မှာပဲ သူကရောက်လာ.. ကားပေါ်မှာ ဆက်လက်ဆွေးနွေးကြပေါ့.. သူက သူငယ်ချင်းကားနဲ့လာတာဆိုတော့ သူငယ်ချင်းက ကားမောင်းရင် ရွှေညောင်ပင်ဆေးခန်းမှာလဲ ဗဟိုအမျိုးသမီးဆေးရုံက အိုဂျီတွေရှိတယ်လေတဲ့.. အို ဟုတ်ပြီ ဒါဆို အခုသွားရင်းနဲ့ ၀င်မေးကြည့်မယ်.. အနားရောက်တော့ သူ့ကားခဏရပ်ခိုင်းပြီး အိမ်ဦးနတ်က ဆင်းမေးကြည့်တော့ အဆင်သင့်လိုက်လေ အိုဂျီက အခုရောက်နေပြီ တစ်ခါတည်းပြမလားဆိုတော့ ပြမယ်ပေါ့.. အဲ့ဒါနဲ့ ကလေးလေးကို ဆရာဝန်နဲ့စတင်မိတ်ဆက်ပေးတယ်.. ဆရာဝန်နာမည်က ဒေါ်အေးအေးတင့် တဲ့ professor ပါ.. professor ကိုမှ ပြမယ်လို့ ရွေးထားတာမဟုတ်ပေမယ့် ကလေးကံလေးနဲ့ အဆင်သင့်သွားတာ.. အိုဂျီမမက မှာစရာရှိတာမှာပေါ့.. ကိုယ်ဝန်ဆိုတာသေချာအောင် ကလေးနှလုံးခုန်မခုန်ကြည့်ရအောင် နောက်လမှာ ultrasound ရိုက်ရမယ်တဲ့.. ကောင်းပြီလေ မှတ်သားစရာရှိတာမှတ်သားလို့.. အိုဂျီမမကို အတွန့်တက်လိုက်သေးတယ်.. သက်ဦးကိုယ်ဝန်လဲဖြစ် အရမ်းလဲလိုချင်နေတာမို့လို့ ကလေးလေးတစ်ခုခု အချွတ်အချော် အတိမ်းအစောင်းဖြစ်သွားမှာ စိုးမိတယ် ပေါ့.. အိုဂျီမမက သားအိမ်ခိုင်ဆေးထိုးဖို့ ညွှန်းပေးတယ်.. MO နဲ့ လာပြန်ထိုးရမယ် အိုဂျီကိုယ်တိုင်တော့ ထိုးမပေးဘူးတဲ့.. နောက်နေ့ ဆေးလာထိုးတယ်ပေါ့.. MO ကလည်း ဂွက်ဆို ထိုးချလိုက်တာ ဘာမှလည်း မပြော.. စကားတောင်ပြောတတ်ရဲ့လား ထင်ရတယ်.. ချေရမလားလဲ မသိ.. အပြင်ကောင်တာမှာ ပိုက်ဆံရှင်းကာကျမှ နက်စ်မလေးက ချေပေးအမ ဆေးကနာတယ် အဆီမို့လို့တဲ့.. အဲ့ကျမှ ကိုယ်လည်း ချေရတယ်.. အိမ်ရောက်ပြီး တစ်ရက်နှစ်ရက်အထိ တင်ပါးမှာ အလုံးစမ်းမိပြီးနာနေလို့ ပြန်ခွဲပြုနေရရင် ဒုက္ခပဲဆိုပြီး အိမ်ဦးနတ်က ရေနွေးပုလင်းနဲ့ ချေပေးရှာတယ်.. ပူလည်းပူ နာလည်းနာပေါ့.. ကလေးများထိနေမလားလို့ အရမ်းလဲ မချေရဲကြဘူး.. တင်ပါးကထိုးတာ သားအိမ်ကိုခိုင်တယ်ဆိုတော့ တင်ပါးကချေတာလဲ သားအိမ်ထဲမှာရှိတဲ့ ကလေးထိချင်ထိနိုင်တယ်လေ.. ရက်နည်းနည်းကြာတော့ တဖြည်းဖြည်းပျောက်သွားလို့ တော်သေး.. ဟူးးး ချစ်လိုက်ရတာ ကလေးလေးရယ်။ ။

Tuesday, April 23, 2013

ကျွန်မအိမ်ရှင်မ နှင့် တတိယရှစ်နာရီ


အိမ်ရှင်မတစ်ယောက်ရဲ့ဘ၀ဟာ တော်တော့ကို မလွယ်တာပါလား.. အပြင်အလုပ်ကတစ်ဖက် အိမ်အလုပ်ဆို နဂိုတည်းက အပျင်းတက်နေတော့ ယောကျာ်းလည်းရရော မမမီးချစ်ရဲ့ ဘ၀ဟာ ပြီးပါလေရော..။ အိမ်ထောင်သက်သာ တစ်နှစ်ဖြစ်လာတယ် ကိုယ်တိုင်လည်း အိမ်ရှင်မလို့ မမည်သေးသလို ချစ်ခင်ပွန်းကလဲ အိမ်ထောင်ဦးစီးလို့ ကြိုစားနေရာယူနေဆဲပဲ..။
ညီမငယ်များနဲ့ အိမ်ထောင်မကျသေးသူ ရည်းစားလက်ရှိအမျိုးကောင်းသမီးလေးများကို ပြောလိုက်ချင်ပါရဲ့ အစားသောက်ချေးများတဲ့ယောကျာ်းဆို ဝေးဝေးကသာရှောင်လို့...။ ပြောမယ့်သာပြောတာ ကိုယ်လည်းရှောင်ခဲ့တာပါပဲ ယူလိုက်မိလို့ လင်မယားပါလို့ ဖြစ်ကာမှ ဟိုဟာမကြိုက်ဘူး ဒီဟာကစားကိုမစားတာ ဒီလိုပုံစံမျိုးဆိုမစားတတ်ဘူး ဟိုလိုပုံစံမျိုးကစိတ်တိုင်းမကျဘူး အို အိုးးး များလိုက်တဲ့ချေး ကြိုက်ခြင်းမကြိုက်ခြင်းဇယားက အစားတိုင်းလိုလိုအတွက်.. ဥပမာ မုန်လာဥထားပါတော့ အချဉ်ဟင်းပဲချက် အဲ့တစ်မျိုးပဲသူစားတယ် ဘဲဥလေးနဲ့မကြော်နဲ့ မကြိုက်ဘူး အိမ်သူသက်ထားက လက်စွမ်းပြပြီး ပုစွန်ခြောက်လေးနဲ့ အရည်စပ်စပ်အချဉ်ဆီပြန်လေး ချက်ပေးဦးတော့ ဘာဟင်းကြီးမှန်းမသိဘူး..။ သြ ကိုကို တတ်လည်းတတ်နိုင်ပါလား ဟင်..။ ဒါတောင် မယူခင်တည်းက ဟင်းလုံးဝမချက်တတ်ဘူးနော် အိမ်မှုကိစ္စသိပ်မုန်းတယ် ပြောထားပြီးသား..။ ဒါပေသိ ယူမိတော့လည်း ကျမကမိန်းမသားမို့လား ဘယ် မျက်နှာလွှဲခဲပစ်နေနိုင်ပါ့မလဲ..။ လုပ်ဦးဟဲ့ သိမ်းကြုံးလို့..။ ဟင်းချက်တာကလဲ ခပ်ကြွားကြွားလေးပြောရဦးမယ် အိမ်ကျွန်မ ပါရမီပါလေသလားတော့ မသိ ဘာချက်ချက်အကုန်ကောင်းနေတော့တာ ချေးများတဲ့သူကလွဲလို့ ကျန်သူအကုန်သွားရည်တောက်တောက်ကျ အသားကုန်စား..။ ဆယ်ခါတစ်ခါချက်တာကိုးး..။ အိမ်အကူလေးဘာလေးတော့ ရှာလိုက်ပါသေးတယ်..။ ကိုယ်တိုင်မှမဟုတ်ပဲ ဘယ်အဆင်ပြေမလဲနော် အ၀တ်တွေဆိုလည်း အရောင်နုတွေနဲ့အဖြုတွေကို အရင့်တွေနဲ့ရောလျှော်တော့ အကောင်းစားဖြစ်ဖြစ် အကောင်းတကာ့အကောင်းစားပဲဖြစ်ဖြစ် စွန်းလို့.. :( ဟင်းချက်လိုက်လည်း ဆိုင်က၀ယ်စားတဲ့ဟင်းထက်ဆိုးတယ် အရည်ပေါလော (ဟင် ငါကိုယ်တိုင်လည်း ချေးများနေပီလား)ဟင်းကအမြဲလိုလို ငန်နေရတဲ့ကြားထဲ အချိုမှုန့်တွေဘာတွေကိုလည်း ကွယ်ရင်ကွယ်သလို အတိုင်းအဆမရှိလေတော့ကာ ရေရှည်မဖြစ်ပြန်ဘူး..။ နောက်တစ်ခုက ကိုယ်တွေက နှစ်ယောက်တစ်ဘ၀ထူထောင်လာကြတာ သူဌေးသားသမီးတွေ တစ်ယောက်မှမဟုတ်.. တစ်ယောက်လက်တစ်ယောက်ဆုပ်ပြီး အများတန်းတူအောင် အူလျားဖားလျားကြိုးစားနေကြရတာ.. သူကယောကျာ်းမို့ မတွက်တတ်ဘူးဆိုရင်တောင် ကိုယ်ကမိန်းမ တွက်တတ်ရမယ် လူပိုတစ်ယောက်နှင့်သူ၏အသုံးစရိတ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်အကူဟာ အဝေးလွင့်သွားတယ်...။ နောက်ဆုံးတော့ ဒီက မမမီးချစ်ပဲပေါ့..။ တစ်ရက်တစ်ရက် လုံးလည်ချပ်ပြား လျှော်ဦး ဆေးဦး လှည်းဦး ရှင်းဦး ချက်ဦး အို မပြီးနိုင်ပါပဲ..။ ကွကိုသက်သာအောင် သုံးလေးရက်စာဈေးဝယ်ခဲထားတော့လည်း ဘသားချောက မရှိတဲ့ဟာမှ စားချင်တယ်..။ သူကမှ စားချင်ပါတယ်ဆို ဒီကလဲ မချက်ကျွေးပဲ မျက်နှာလွှဲနေနိုင်ဦးမလား..။ မရဘူး ဒါပဲစားဆိုရင်တော့လည်း အထွန့်မတတ်ပဲ စားရှာပါတယ် ဒါပေသိ ပုံမှန် နှစ်ပန်းကန်စားနေကြလူက တစ်ပန်းကန်ပဲစားတော့တာ..။ ကဲ ဒီတော့ လူကစိတ်ကောင်းနိုင်ပါဦးမလား..။ အိမ်ထောင်ကျပြီးကတည်းက ကိုယ်ကသာဝလာပြီး သူကပိန်နေတော့ အစားကိုဂရုစိုက်ကျွေးနေရတာ..။ ကိုယ်ကသူများတွေလို 24နာရီ အိမ်ရှင်မမလုပ်နိုင်ပဲ အပြင်အလုပ်တစ်ဖက်ရှိသေးတော့ ရတဲ့အချိန်လေးမှာ ကိုယ်လုပ်ပေးနိုင်တာလေးဆို ပင်ပန်းတာလောက်ကို ခေါင်းထဲကိုမထည့်နိုင်တော့ပဲ ချွေးတလုံးလုံး..။ သူက အစားသာမမက်တာ အအိပ်ကျမက်ပြန်ရော ညဆိုညဉ့်နက်သည်ထိနေပြီး မနက်ကျ နေ့လည်လောက်မှ ထတာတော့.. တစ်ခါမှ မနက်စာမစားဘူး သူမို့နေနိုင်တယ်... အတင်းနှိုးကျွေးလည်း စားရှာပါရဲ့ ပြီးတော့ အိပ်ရေးမ၀လို့ ခေါင်းမူးတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ မသိချင်ယောင်မဆောင်နိုင်အောင်ပဲ..။ အိမ်ရှင်မဆိုတာ အဲ့လိုပဲလားနော်.. အပျိုတုန်းကတော့ ကိုယ့်ကျန်းမာရေးအတွက်ပဲ ကိုယ်စိတ်ပူရပြီး အိမ်ထောင်သည်ဖြစ်တော့ သူ့ကျန်းမာရေးအတွက်ကိုပါ စိတ်ပူပေးရသလား..။ နေမကောင်းထိုင်မသာကျရင်တော့လည်း သူက ဆေးခန်းသိပ်သွားခဲတယ် ဆေးပဲသောက်တာ ကိုယ်မို့ဖြစ်ပြီဆိုရင် သွားသွား ဆေးခန်းသွား အတင်းလွှတ်တာ မဟုတ်လည်း သူကိုယ်တိုင် လက်စွဲပြီးဆေးခန်းလိုက်ပြတာ.. သြ ဒီလိုဆိုတော့ သူလည်းငါ့အပေါ် စေတနာရှိရှာသား..။ အင်းပါလေ ဒီလိုလေးတွေနဲ့ပဲ မမမီးချစ်တို့ နဖူးကချွေးခြေမတင်မက မြေပါခခဲ့တာကြာပြီ..။



လူတစ်ယောက်တိုင်းစီမှာ 24နာရီစီပိုင်ဆိုင်ပါသတဲ့.. ရှစ်နာရီစီခွဲပြီး သုံးပုံပုံလိုက်ပါ.. ပထမရှစ်နာရီက အိပ်ချိန်၊ ဒုတိယရှစ်နာရီက အလုပ်ချိန်/ကျောင်းချိန် တဲ့..။ လူတစ်ယောက်ဘ၀ကို တတိယရှစ်နာရီက အဆုံးဖြတ်ပေးပါသတဲ့လေ..။ မီ်းချစ်ဘ၀ရဲ့ တတိယရှစ်နာရီကတော့ အိမ်မှုကိစ္စနဲ့ သူ့အတွက် လုံးထွေးချက်ပြုတ် ပြေးလွှားရင်းနဲ့ပဲ..............

Tuesday, April 9, 2013

ကလေးလိုချင်တယ်



ဘ၀ကြီးက ပျင်းစရာကောင်းတယ်လို့ ခံစားမိတယ်..။ မနက်အိပ်ယာနိုးလာ စားစရာရှိတာစား အမ၀မ်းကွဲပြင်ပေးတဲ့ ထမင်းဗူးယူ ရုံးသွား..။ အစကတော့ အိမ်မှာကောင်မလေးတစ်ယောက်ခေါ်ထားဖြစ်တယ် ခုတော့ သူလည်းအိမ်ပြန်သွားပီ သူ့အိမ်ကိစ္စလေးနည်းပါး ရှိတာနဲ့ပေါ့..။ ဟင်းမချက်နိုင် မချက်ချင် ချက်ဖို့အချိန်မရှိတဲ့ ကျွန်မတို့လင်မယားကတော့ ဆိုင်ဟင်းနဲ့ပဲ တ၀ဲလည်လည်ရတော့မလိုပေါ့..။ လူတွေကပျင်းပေမယ့် ကံလေးကကောင်းနေသေးတော့ အမ၀မ်းကွဲက စက်ရုံမှာလုပ်ရာက မလုပ်ဖြစ်တော့ သူ့သားလေးကလည်း ကျောင်းပိတ်ထားတော့ အိမ်မှာလာနေတယ် အတော်ပဲဖြစ်သွားတာပေါ့..။ အဲ့ဒါနဲ့ သူကချက်ပေး ကိုယ်ကအဆင်သင့်ယူ ရုံးသွား..။ ရုံးကပြန် အိမ်ရောက်ရေချိုး စားသောက် တီဗီလေးဘာလေး ကြည့်ချင်လည်းကြည့် ပြီးတော့အိပ်..။ မနက်ကျ တစ်ခါနိုးလား ဒီလိုပဲ တနေ့ တနေ့ ကုန်နေတာ..။ သမီးလေးတစ်ယောက် သိပ်လိုချင်မိတယ်..။ လင်မယားနှစ်ယောက်စလုံး ကလေးအရမ်းချစ်တတ်တယ်..။ အစကတော့ မပြည့်စုံတဲ့ဘ၀ ကျောချင်းကပ်ရုံးကန်နေရချိန်မှာ သားသမီးယူလိုက်ရင် သူ့ကိုပါခေါ်ပီး ဒုက္ခပေးသလိုဖြစ်နေမှာစိုးလို့ မယူဖြစ်ခဲ့ဘူး..။ တကယ်တော့ သိပ်လိုချင်ခဲ့တာ ကျွန်မကပိုဆိုးတယ် မိန်းကလေးမို့လို့ပဲလား မသိ..။ နဂိုတည်းက ကလေးချစ်တတ်သူမို့ ကိုယ့်သားသမီးသာဆို အစွမ်းကုန်ချစ်လိုက်မယ် ဆိုတဲ့ စိတ်မျိုး အမြဲရှိတယ်..။ သူလိုသမျှ ဘာမဆိုလုပ်ပေးမယ် သူကငါ့ကို ဘယ်လိုအဖော်ပြုမယ် သူ့ဘ၀ရဲ့တနေ့စီ ဘယ်လိုပြောင်းလဲလာမယ် သူများကလေးတွေနဲ့ယှဉ်ပြီး ဘယ်လိုတွေကွာနေမယ် စသဖြင့် စိတ်ကူးယဉ်လိုက်ရတာအမော..။ သွားချင်လာချင်တဲ့ နေရာတွေ ယောက်ျားကို အဖော်ပြုလို့မရတိုင်း သမီးလေးတစ်ယောက်ပဲ တ ဖြစ်တယ်..။ ငယ်ငယ်တည်းကလဲ မောင်နှမနှစ်ယောက်ပဲရှိတော့ ညီအမအဖော်မရှိတဲ့ ကျွန်မအဖို့ မိန်းကလေးအဖော်လိုချင်မိတာ မဆန်းဘူးထင်တာပဲ..။ ပီးတော့ မောင်လေးကဆိုးတယ် ငယ်ငယ်ကတည်းက ခပ်ကဲကဲမို့ ဒီကအမကြီးက စိတ်ညစ်တယ်..။ ယောကျာ်းလေး မထိန်းချင်တော့..။ အိမ်ဦးနတ်ကတော့ မဟုတ်ဘူး ယောကျာ်းလေးပဲ လိုချင်ပါသတဲ့..။ စိတ်ကူးတွေသာ အမျိုးမျိုးယဉ်နေကြတာပါ ခုထိတော့ ဘာသားသမီးမှ ကိုယ့်ဆီရောက်မလာသေး..။ ကိုယ့်အဖို့မှာတော့ ကလေးလေးတစ်ယောက်သာ ရှိမယ်ဆိုရင်လေ မိန်းကလေးမဟုတ်ပဲ ယောကျာ်းလေးဖြစ်နေလဲ ချစ်မှာပါ..။ သူနဲ့ပဲတူတူ ကိုယ်နဲ့ပဲဆင်ဆင် အရမ်းချစ်မှာ အရမ်းအရမ်းချစ်မှာ..။ တကယ်..။
ဘုရားရှင်ရယ် သားသမီးတစ်ယောက်လောက် မြန်မြန်ပေးပါတော့..။


Friday, March 8, 2013

အလွမ်းရောင်





အလွမ်းရောင်
ရင်မှာ စွန်းကျန်ရစ်အောင်
နင်ဘာဖြစ်လို့ ပုန်းရှောင်
ချစ်ခဲ့ပြီးနောက်
မျက်ရည် ရင်မှာပုလဲသီတကွဲစီ
ငါဟာ ကွဲကြေသွားပြီး နင်မရှိတဲ့နောက်

အလွမ်းလေး
ငါ့ဘ၀ရဲ့ရောင်စဉ်အလွမ်းလေး
အစကတည်းက မဆုံသင့်ဘူးလို့တွေး
အခုတော့မှ ငါငိုကြွေး
အလွမ်းလေး မင်းပေးတဲ့ရောင်စဉ် အလွမ်းလေး
အစကတည်းက မဆုံသင့်ဘူးလို့တွေး
တကယ် မဆုံခဲ့တဲ့နောက်

အလွမ်းရောင်
ပေးဆပ်သလောက် ပြန်ပြီးမှမရတောင်
ငါ့အတိတ်က အကြောင်းတွေ
အမှတ်တရဖြစ်အောင်
အဖြူရောင် ပြန်မဖြစ်ချင်တော့


(ဇော်ပိုင် - အလွမ်းရောင်)

Thursday, November 29, 2012

မခိုင်ကြီး နဲ့ တညတာ


ခြောက်နာရီခွဲမှ စမယ့်ပွဲကို ခြောက်နာရီမထိုးခင်တည်းကရောက်သွားတာတောင် အမျိုးသားကဇာတ်ရုံအ၀မှာ လူတွေတန်းစီပြီး ၀င်နေကြလေရဲ့.. အို အိုး ဇွဲကောင်းကြချက်.. မီးချစ်တို့က လေးယောက်အုပ်စု.. 22 နိုဝင်ဘာက လက်မှတ်ရောင်းတာ တော်ဝင်စင်တာရယ် junctionရယ် သူ့အမရွှေဆိုင်ခွဲတွေရယ် မန်းသီရိတေးသံသွင်းရယ် တဲ့.. အဲ့နေ့သိသိချင်းညနေပဲ တော်ဝင်စင်တာသွားဝယ်ပါရဲ့ မရလိုက်ဘူး.. ဒါနဲ့ နောက်နေ့ 23 ရက်နေ့ ရုံးကနေအသာလစ်ပြီး junctionတွေ ရွှေဆိုင်တွေလျှောက်မွှေရတာပေါ့.. မရဘူးကွယ်.. ဟယ် စိတ်ပျက်လိုက်တာ.. တအားကြည့်ချင်ပါတယ်ဆို.. တေးသံသွင်းပြေးရလောက်အောင်လဲ အချိန်ကမကျန်တော့.. ငိုတောင်ချင်တယ်.. အရမ်းလုပ်ချင်ဖြစ်ချင်နေတဲ့ ကိစ္စတစ်ခု အဲ့လိုအဆင်မပြေတော့ ၀သီအတိုင်းမျက်ရည်လေးတော့ ၀ဲလိုက်ရမှ.. ရုံးကိုပြန်လာပြီး စားပွဲရှေ့စိတ်လေလေနဲ့ထိုင်နေတုန်း ဖုန်းဝင်လာရဲ့ သူငယ်ချင်းတစ်ယောက်ဆီက.. ဟယ် သူငယ်ချင်းမရေတဲ့ ငါခု မန်းသီရိတေးသံသွင်းရှေ့မှာရောက်နေတယ်.. မနက်ဖြန်ပွဲအတွက်လက်မှတ်လာဝယ်တာ.. မရှိတော့လို့တဲ့.. နင်ရော 28 မခိုင်ကြီးပွဲအတွက် လက်မှတ်ရလား ဘာလိုသေးလဲလို့တဲ့... ကြည့်စမ်း ကြည့်စမ်း.. ဘယ်နတ်ကောင်းနတ်မြတ်က မစလိုက်ပါလိမ့်.. အေး အေး ငါ့ကိုလေးစောင် ရတဲ့အတန်းက၀ယ်ခဲ့ပေးပါဟယ်လို့.. ခဏနေကျတော့ သူပြန်ဆက်တယ် အောက်ထပ်ကတော့ တစ်ခုံမှမကျန်တော့ဘူးတဲ့ အပေါ်ထပ်ပဲရတယ် ယူမလားတဲ့.. အေးပေါ့ ရရာပဲပေါ့လို့.. ဒါနဲ့ 7000 တန်းကို လေးယောက်တွဲမကျန်တော့လို့ မနည်းဝယ်လိုက်ရတယ်ဆိုပဲ.. ဘာပဲဖြစ်ဖြစ်လေ ကိုယ်သိပ်ကြည့်ချင်တဲ့ ကိုယ့်ခရေဇီ ထွန်းအိန္ဒြာဗိုလ် ပွဲလက်မှတ်လေးရလိုက်ပြီကိုး.. ပျော်လိုက်တာ.. သွားတွေအကုန်လုံးဖြီးလို့.. ယောကျာ်းကိုလည်း ဖုန်းလှမ်းဆက်ပြီး ကမန်းကတန်း ဖြစ်စဉ်ကိုရှင်းပြရတာအမော.. မျှဝေတာပေါ့နော်..
ကဲ နိုဝင်ဘာ 28ရက်နေ့ 27နှစ်ပြည့်မွေးနေ့လေးလဲဖြစ် တန်ဆောင်မုန်းလပြည့်ညလည်းဖြစ်ပြန် ကိုယ်သိပ်ကြိုက်တဲ့ရှိုးပွဲလေးလဲ ကြည့်ရ.. သာယာပေစွ.. သာယာပေစွ
ဝယ်မရလိုက်တဲ့လက်မှတ်တွေကတော့ မှောင်ခိုတွေလက်ထဲမှာပေါ့လေ.. လက်မှတ်လိုသလား လက်မှတ်လိုသလားနဲ့ လိုက်မေးနေကြတယ်.. ဘယ်လောက်နဲ့ရောင်းပါလိမ့်လို့ သိချင်လိုက်တာ.. မမေးရဲဘူး.. တော်ကြာယူမယ်ထင်ပြီး အတင်းလိုက်ကပ်နေမှာစိုးလို့.. မယူပြန်တော့လည်း သူ့အပျော်ခေါ်တယ်ဆိုပြီး စိတ်ဆိုးသွားဦးမယ်.. ဒါနဲ့ပဲ လေးယောက်သား ခန်းမထဲသို့အောင်မြင်စွာ ၀င်လာခဲ့ကြတယ်ပေါ့.. သြ မိတ်ဆက်ပေးရဦးမယ်နော်.. မီးချစ်တို့လင်မယားအမိုက်စားလေး နှစ်ယောက်ရယ် (ဟီ ဟိ ဘလက်ဆင်တူနဲ့လေ).. အဒေါ်နဲ့ဦးလေး လင်မယားရယ်.. အင်း နှစ်တွဲလေးယောက်ပေါ့..
7နာရီနားနီးတော့ ပွဲကစပါပြီခင်ဗျာ.. မခိုင်ကြီးလှချက်ဗျာ ဒီဇိုင်နာသိပ်တော်တာပဲ.. သူ ၀တ်လေ့ဝတ်ထမရှိတဲ့ အရောင်တောက်တောက်တွေကို ဒီဇိုင်းဆန်းဆန်းဂါဝန်လေးတွေ ကျောက်တွေတပ်ထား စလိုက်ကထိုးလိုက်ရင် တကိုယ်လုံးလက်လက်ကိုထနေတာပဲ.. လှလိုက်တာ. လှလိုက်တာ.. ဘောင်းဘီနဲ့အကျီအတွဲလေးတွေလဲပါတယ်.. စကပ်နဲ့အတွဲလည်းပါတာပဲ.. စုစုပေါင်းရှစ်စုံလဲတယ်.. အကုန်လုံးကြည့်ကောင်းတယ်.. သူ့ထုံးစံအတိုင်း သူ့အဒွန့်အဒန့်လေးတွေနဲ့လည်း ကသေးတာပေါ့လေ.. ဒါနဲ့ ကိုလူမင်းစီစဉ်တဲ့ ဇာတ်လမ်းပုံစံလေးတွေလည်း ပြသေးတယ်သိလား.. အနောက်က LED အကြီးကြီးမှာပေါ့.. စစဆုံးအပိုင်းလေးကို အရမ်းသဘောကျတယ်.. မခိုင်ကြီးတို့အိမ်မှာပေါ့ သူ့သားသားက စကိတ်လေးစီးပြီး ဟိုဟိုဒီဒီ အဲ့ချိန်မှာ မခိုင်ကအပြင်က၀င်လာ သားသားကိုခေါ်တယ် မထူးဘူး လှည့်လည်းမကြည့်ဘူး.. နောက်တော့ မခိုင်အမျိုးသားက အပေါ်ထပ်ကဆင်းလာတယ်.. သားသားကို မိုးချုပ်နေပြီ ဆော့တာရပ်တော့အိပ်မယ် ဘာညာပေါ့.. မခိုင်ကခေါ်ပြန်ရော.. ကိုအောင်မင်းထွန်းရေပေါ့.. သူလည်းလှည့်မကြည့်ဘူး အဲ့အချိန်မှာသားသားကအပေါက်ဝဘက်ကိုလှည့်ကြည့်လိုက်တယ်.. တံခါးကပွင့်နေပြီးလေတွေဝင်နေတယ်.. သူတို့က မခိုင်ကိုမမြင်ရဘူး.. ကိုအောင်မင်းထွန်းက တံခါးလာပိတ်လိုက်တယ် မခိုင်ကိုယ်လုံးကို ဖောက်ထွင်းပြီးဖြတ်သွားတယ်.. မခိုင်လွန့်ခနဲယိုင်သွားတာပေါ့.. သြ အဲ့ဒါ ၀ိညဉ်လို့သိလိုက်တယ်.. မခိုင်ကလည်း သိလိုက်ပြီနဲ့ထင်တယ် သားသားရေ သားသားရေဆို အော်လိုက်တာလေ.. အရမ်းငိုချင်တာပဲ.. မခိုင်မျက်နှာကို close up ပြတယ်.. မျက်လုံးမှာမျက်ရည်တွေအပြည့်နဲ့ ဆုံးရှုံးလိုက်ပြီ သားသားကိုသူပြန်မရတော့ဘူး.. မိခင်တစ်ယောက်ရဲ့အကြီးမားဆုံးနစ်နာမှု ယူကျုံးမရအောင်ဝမ်းနည်းမှုကိုအပြည့်ထည့်ထားတယ်.. သိပ်တော်တယ်ဗျာ.. မခိုင်ကို အဲ့ဒါတွေ ခရေဇီဖြစ်တာ.. ဘာပဲလုပ်လုပ် moodအပြည့်.. အဲ့ဒီလိုလိုက်ပါစီးမျောနေတုန်းမှာပဲ ၀မ်းရွန် ၀မ်းရွန်ဆိုပြီး ဆေးရုံအရေးပေါ်ကားအသံနဲ့ နောက်တစ်ကွက်ကိုဆက်ပြတယ် ကားပေါ်မှာလူနာကမခိုင်.. သူစဉ်းစားတယ်ပေါ့.. ဒီလိုအချိန်မျိုးမှာ သူ့ဝိညာဉ်ကနောက်တစ်ဘ၀ကို ကူးမသွားခင်မှာပေါ့လေ (သူပေးချင်တဲ့messageက ဘာလဲတော့မသိဘူး ကိုယ်နားလည်သလိုတွေးလိုက်တာ) အလှူပွဲကြီးတစ်ခုလုပ်မယ်ပေါ့ မြန်မာပြည်သူပြည်သားတွေအတွက်ပေါ့.. အဲ့လို အဲ့လို အစကလေးက.. ကဲ မမိုက်လား
ပွဲနာမည်ကိုကလည်း Charity Live ပါတဲ့.. ဒီနေရာတွေကိုလှူမယ်
၁။ ကချင်ပြည်နယ် စစ်ဘေးရှောင်သူများ
၂။ ရခိုင်ပြည်နယ်ရှိ ဘေးဒုက္ခကြုံတွေ့နေကြရသူများ
၃။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
၎။ ကလေးဆေးရုံကြီး
၅။ (ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်
၆။ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ နှင့်
၇။ (ဒေါ်ဖြူဖြူသင်း ဦးဆောင်သော) HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး

Sky Net ကနေလည်း Live လွှင့်သေးတယ် ဖုန်းနံပါတ်လေးတစ်ခုကိုကြော်ငြာထည့်ပေးထားပြီးတော့.. အလှူရှင်တွေက လှမ်းလှမ်းလှူနေကြသေးတာ.. မခိုင် အကျီတစ်ခုနဲ့တစ်ခု အလဲမှာ ကိုအရိုင်း၊ ကိုငှက်ပျောကြော်၊ ကိုဝက်မ တို့က ထွက်ထွက်လာပြီး အလှူရှင်စာရင်း ကြေငြာပေးကြတာပေါ့လေ ဟာသလေးဘာလေးလုပ်ရင်းပေါ့.. ဦးဇာဂနာလည်း အစပိုင်းမှာ လာကြေငြာပေးသေးတယ်..Sky Net နဲ့ Alpineကတင် သိန်းတစ်ရာစီ လှူတယ်ဆိုပဲ.. သာဓုခေါ်မိပါတယ်..
ဟာသလေးတွေကလည်း အတော်ရီရသား.. လူကြီးဆေးရုံတို့ လှည်းတန်းဂုံးကျော်တံတားတို့ဆို အရီရဆုံးပဲ.. :D ..

ပွဲစဉ်တောက်လျှောက်က အရမ်းကိုပြည့်စုံပါတယ်.. တစ်ခုပဲ.. သီချင်းဆိုနေတုန်းကို ပန်းစည်းတွေ ပန်းကုံးတွေ လက်ဆောင်တွေတက်ပေးကြ.. ပေးတယ်ဆိုလည်း ပေးပြီးပြန်ဆင်းတာမဟုတ် ဓါတ်ပုံတွေကတွဲရိုက်ကြသေးတယ်.. စိတ်ပျက်ဖွယ်.. သူများတွေကြည့်နေတယ်လေ.. ဟိုမှာလည်း အဆိုတော်က သီချင်းဆိုရင်းတန်းလန်း သူတို့ကင်မရာဘက်ကို ပြုံးပြးရ သူတို့ကဖက်ထား နမ်းကြလို့ ဟန်အနေအထားတွေပျက်ယွင်း ဘယ်လောက်များ ကသိကအောက်ဖြစ်လိုက်မလဲ.. အမလေး စိုင်းစိုင်းတို့အလှည့်အဆိုးဆုံးပေါ့ ပျိုမဒီတွေ စင်ပေါ်မှာပလူပျံလိုပေါ့.. သြ သြော် ဘယ်နေရာရောက်ရောက်လေ လူဆိုတာတော့ လူပါပဲ နေရာတိုင်းသူ့အတ္တနဲ့... သူများကိုမကြည့်ပေးတတ်တဲ့သူတွေကလဲ အမြဲရှိနေဦးမှာပါ..
အဲ့လိုနဲ့ပဲ မခိုင်ရဲ့ပွဲလေးဟာ အရှိန်မှန်မှန်လေးနဲ့ ချီတက်နေတာပေါ့လေ.. LED နဲ့သူနဲ့ တစ်ယောက်တစ်လှည့်လည်း ဆိုသေးရဲ့.. ကိုယ့်အကြိုက်ဆုံး မချစ်ရင်မနေနိုင်တာကလွဲလို့လေးကိုလည်း သူကအရင်ထွက်လာဆိုတယ် တစ်ကြောင်းနှစ်ကြောင်းအပြီး တစ်ဖက်ကန့်လန့်ကာထဲဝင်သွားတော့ LEDကနေ ဧည့်ခန်းထဲကို သူကရောက်သွားတဲ့ပုံ ပေါ်လာရော.. အိုး မိုက်တယ်နော်..
ဦးခင်မောင်တိုးသီချင်းလဲဆိုသေးတယ်.. ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်တောင် ငြိမ်သက်လိုက်ကြသေး အားလုံးတူတူ..

သာယာကျေနပ်ဖွယ် ပွဲလေးရဲ့အဆုံးပိုင်းကိုရောက်တော့ လောလောဆယ်ကောက်ခံရရှိထားသော အလှူငွေ သိန်းခုနှစ်ရာကျော်တောင်ရပါသတဲ့ သက်ဆိုင်ရာနေရာတွေအတိုင်း လက်ခံပေးသူတွေကို အသီးသီးပေးအပ်တာပေါ့.. ပီတိဖြစ်ပေစွ..
အဲ့လိုပီတိတွေ စိတ်လှုပ်ရှားမှုတွေနဲ့ အဆက်မပြတ်သီချင်းအပုဒ်တိုင်းကို လိုက်အော်ဆိုစီးမျောပြီး 12နာရီခွဲမှာ အမျိုးသားကဇာတ်ရုံကနေ ထွက်ခွာလာခဲ့ကြပါတယ်.. (မသွားလို့လည်း မရတော့ဘူးလေ ပွဲကပြီးနေပြီ).. ဗိုက်ဆာတယ်ဆို မုန့်ဝင်စား အိမ်ပြန်ရောက်တော့ တစ်နာရီခွဲနေပေါ့.. အေး အေး အိပ်ဦးမှ အိပ်ဦးမှ မနက်ရုံးတက်ရဦးမယ်လေ.. အိပ်မက်ထဲကိုလည်း ထွန်းအိန္ဒြာဗိုလ်လေး အလည်လာဦးမလားမသိဘူး.. ဟိ အိပ်ပြီနော်.. နိုက်ဂွတ်

Wednesday, November 28, 2012

အသိမကြွယ် ဘလော့ငယ်


ဘလော့လေးကို ဖေ့ဘွတ်မှာ ကြေငြာချင်တယ်.. ဒါမဲ့ ကြောက်တယ်.. အဲ့ဒီလောကမှာက စာရေးကောင်းတဲ့ အားကျရတဲ့ ဘလော့ဂါတွေ အများကြီးပဲ.. ဘားမှမတောက်တခေါက် မရေးတတ်ပဲနဲ့ ၀ါသနာကို အာသာပြေ ဘလော့ရေးမိတဲ့ မီးချစ်ကို ကဲ့ရဲ့နေမှာလားလို့ပေါ့...
ကြောက်စရာရှိတာကိုပဲ ကြောက်.. ရှက်စရာရှိတာကိုပဲ ရှက်.. မလိုအပ်ပဲနဲ့ အမြဲ ရှက်မနေကြောက်မနေနဲ့ လို့ ပြောတဲ့ အဖိုးရဲ့စကားကို သတိရတယ်.. ခုကျ အဖိုးလည်း မရှိတော့ပါဘူး.. အဖိုးရဲ့ မြေးဦး မီးချစ်ကြီးတော့ အရင်လို ထုံနပေအရိုးစွဲအကျင့်တွေနဲ့ စမ်းတ၀ါးဝါး လမ်းသွားနေတုန်းပဲ အဖိုးရေ...
၇ နှစ်ရက်ဆီပဲ ကြာမယ်ဆိုတဲ့ ချီးမွန်းခြင်း ကဲ့ရဲ့ခြင်းတွေကို သာယာနေတုန်း ၀မ်းနည်းနေတုန်း ခံစားနေတုန်းပဲ..
တခြားသူရဲ့အမြင်ကို သိပ်ကြည့်ပြီး..
မနာလိုတိုက်ခိုက်ခြင်း ခံရရင် သိပ်အားငယ်စိတ်မကောင်းဖြစ်တတ်တယ်..
စိတ်ပျော့တယ်လို့ လူတိုင်းက မှတ်ချက်ပေးတတ်ပေမယ့်.. မာချင်လည်း လူတစ်ယောက်ကို တစ်သက်လုံးလှည့်မကြည့်ပဲ ထိုသူဟာ လူပါလို့ အသိမှတ်မပြု ချစ်သည်မုန်းသည်မရှိ မခံစားပဲ နေတတ်တာကျတော့ရော...

ဘယ်လိုပဲဖြစ်ပါစေ ခုတော့ ဘလော့လေးကို လူမသိ သူမသိ တိတ်တိတ်လေး ခြယ်သနေဦးမယ်...
တချိန်ချိန်တော့ ငါ့ဘလော့လေးလဲ အများတကာလို လူဝင်ဆန့်နိုင်ပါစေလို့ ဆုတောင်းရင်း..............


ဘလော့လေးရေ
အချိန်ခါတွေကို ရေတွက်
အတွေ့ကြုံတွေ ရင့်ကျက်အောင် ကြိုးစားရင်း
အရှေ့ကို ဖြည်းဖြည်းချင်း တက်လှမ်းပါနော်

ဘလော့လေးရေ
အတွန်းထိုး အတိုက်အပုတ်တွေ ကြားမှာ
ယိမ်းယိုင်လမ်းမှား လမ်းပျောက်မသွားပါစေနဲ့ကွာ ♥♥



ဒီပို့စ်ကိုရေးသာရေးတယ်.. သူ့ဘလော့ကို သိပ်လူသိစေချင်တယ်လို့များ ထင်နေမလားလို့ စဉ်းစားနေသေးတာ
သြ ခက်ပါရဲ့ :)

Saturday, November 10, 2012

ကမန်းကတန်း တမနက်တာ




အိုးမိုင်ဂေါ့ ကိုးနာရီထိုးပြီ။ သေတော့မှာပဲ။
သံချောင်းခေါက်သံ ကိုးနာရီတိတိကြားမှ ကမန်းကတန်း စောင်တွေအတင်းတွန်းဖယ်ပြီး တပ်မက်လှစွာသော အိပ်ယာထဲမှ ရုန်းထွက်ရသည်။ မနက်ကိုးနာရီလေ။ အိမ်နားမှာက နေ့နေ့ညည သံချောင်းခေါက်တတ်သည်။ အချိန်သိအောင် သံချောင်းပဲနားထောင်ဖြစ်သည် အိပ်ခန်းထဲမှာ နာရီမရှိ။ အမြဲနောက်ကျတတ်သူ ငါးမိနစ်ဖြစ်ဖြစ် ဆယ်မိနစ်ဖြစ်ဖြစ် အချိန်ခိုးလိုက်ရမှကျေနပ်သူအတွက်တော့ နာရီတွေကို မုန်းသည်လေ။ ဒါမဲ့ အချိန်တွေနဲ့လည်း ကင်းကွာလို့မှ မရပဲဟာကို နော်။
ရေးချိုးခန်းထဲအတင်းပြေး ရေးမချိုးနိုင်တော့ သွားတိုက်မျက်နှာသစ်ပြီး ဘားမှလည်းမလိမ်းနိုင် အ၀တ်ဗီရိုထဲက ထင်ရာမြင်ရာဆွဲဝတ် (ထင်ရာမြင်ရာ ကိုယ့်စတိုင်လ်လေ.. အိုးပါဂါးနားစတိုင်တော့ မဟုတ်ဘူးနော် :D) အိပ်ထဲကိုလည်း ဘာတွေကောက်ထည့်မိမှန်းမသိဘူး သေချာတာတော့ ဖုန်းနဲ့အိမ်သော့ကို ပါအောင်ယူလိုက်တယ် ဆိုတာပဲ။ ရုံးချိန်က မနက်ကိုးနာရီအတိ။ မနေ့ကတင် ဘောစိက ကိုးနာရီရောက်အောင်လာကြဖို့ အီးမေးလ်အပို့ခံရတဲ့ ရုံးနောက်ကျသူ selection ငါးယောက်ထဲမှာ ကိုယ်က နံပါတ်နှစ်နေရာ ချိတ်တယ်လေ။ ဂုဏ်ယူပါတယ်ပေါ့နော်။ ပူပူနွေးနွေး အဆုံးမလေးကိုမှ အားမနာ ဒီနေ့ချက်ချင်းကြီးနောက်ကျလို့ကောင်းပါ့မလား။ တက်စီကိုကမန်းကတန်း ရရာဈေးနဲ့ငှား (ငါးရာတော့ စစ်လိုက်သေးတယ်)မြန်မြန်သာမောင်းပေးပါလို့ ပြောလိုက်တယ်။ မောင်းရှာပါတယ်။ ကားပေါ်မှာ မျက်နှာပြောင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို တစ်ခုခုလေး ဖုံးဖိရိုက်အုပ်မလို့ဟာကို ဟိုဘက်ကိုပါသွားလိုက် ဒီဘက်ကိုပါသွားလိုက်နဲ့ ကားကလူးနေတော့လေ ပါးဆိုပြီးလက်ကသွားတာ နှာခေါင်းရောက်လိုရောက်၊ နှာခေါင်းဆိုပြီးသွားပြန်တော့ မျက်စိထိုးမိလိုထိုးမိနဲ့ တော်တော့ဟယ် ဆိုပြီး နချရယ်ဘူးသီးလေးပဲ နေလိုက်တော့တယ်။ မြန်မာပြည်ရဲ့ traffic jam ကလည်းတော်တော်ဆိုးပါတယ်လေ။ ကားတွေကဈေးကျလေတော့ ၀ယ်ကြမောင်းကြပေါ့ စည်းကမ်းကမရှိ ဒီရက်ပိုင်း တော်တော့ကိုလမ်းပိတ်တာပါ။ ဒါမို့ ကိုယ်ကားမ၀ယ်တာ :D ဒီနေ့တော့ လေးဆယ့်ငါးမိနစ်လောက်သွားရတဲ့ ခရီးကို နာရီဝက်နဲ့ရောက်သွားတယ်လေ မဆိုးပါဘူး။ စိတ်မောလူမော နဲ့ ရုံးရောက်မှပဲ သက်ပြင်းချနိုင်တယ်။ နောက်ကျပြန်ပြီဆိုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်ကြသေးတယ်။ ခပ်တည်တည်ပဲလေ ကိုယ်က အရည်ထူပါတယ်။ ။

Friday, November 9, 2012

ကိုယ် blog ရေးဖြစ်ပြီ


Blog ရေးဖြစ်ပါပြီ အရမ်းဝမ်းသာရပါတယ်.. 2007 ခုနှစ်တည်းက ဘလော့ရေးချင်နေခဲ့တာလို့ပြောရင် ယုံပါ့မလားပဲ.. အဲ့ဒီတုန်းက ရှမ်းပြည်မှာ အလုပ်လုပ်ပါတယ်.. မိသားစုနဲ့ဝေးနေပြီး သူစိမ်းများကြားမှာ သူများနဲ့သိပ်သဟဇာတ မဖြစ်တတ်တဲ့ ကိုယ်က စာတွေပဲလှိမ့်ဖတ်ဖြစ်တယ်လေ.. အဲ့အချိန် ဘလော့ခေတ်လို့လဲ ပြောလို့ရလောက်အောင် မြန်မာဘလော့တွေ သိပ်ခေတ်စားနေတော့ကာ ဆရာ့ဆရာဘလော့ကာကြီးများအိမ်မှာ မမမီးချစ်တစ်ယောက် တ၀ဲလည်လည်ပေါ့..
မသိတဲ့ဘလော့ကာမရှိ မရောက်ဖူးတဲ့ဘလော့မရှိ.. ဘလော့ရေးချင်လိုက်တာလဲ တအား နဂိုတည်းက စာရေးဝါသနာပါခဲ့တာကိုး.. ၀တ္ထုတစ်ပုဒ်ရေးဖူးတယ် အဆုံးမသတ်တတ်တော့လို့ တန်းလန်းထားလိုက်ရတယ်.. ဟေ ဟေ့ ရှစ်တန်းတုန်းကပေါ့ (အဲ့ကတည်းက ကိုယ့်ဇာတ်ကိုယ်မနိုင်ခဲ့တာ နော်).. ကိုယ့်ကိုယ်ကို စိတ်ပျက်ပြီး စာရေးဖို့ငါ အစွမ်းအစမရှိပါဘူးဆိုပြီး ပြစ်ထားလိုက်တော့တယ်.. စာတော့ဖတ်နေတုန်းပါပဲ.. 2007ကျပြန်တော့ ဘလော့အတွက် ဘယ်သူ့မေးစမ်းရေးရမှန်းမသိ ကွန်ပြူတာဆိုတာလည်း ကိုယ်သိပ်မကျွမ်းကျင်ခဲ့လေတော့ကာ မရေးဖြစ်ခဲ့ဘူးပေါ့..

၇န်ကုန်ပြန်ရောက်ပြီးတော့ ပိုးကသေသွားခဲ့တယ်.. ကျန်းမာရေးက မကောင်းဖြစ်လိုက်သေးတာကိုး..နေပြန်ကောင်းတော့လည်း စား၊၀တ်၊နေ ရေးဆိုတဲ့ မွေးရာပါ ၀ဋ်နာကံနာကြီးသုံးခုအတွက် လှုပ်ရှားရုန်းကန်ရင်း စာရေးဖို့ကို မလှည့်နိုင်ခဲ့ပါဘူး.. ကိုယ့်ကိုယ်ကိုဖြည့်ရ ရှိပြီးသားအတတ်ပညာ အသိပညာတွေကို ပြန်အသုံးချရနဲ့ ဘ၀ ဆိုတာ မောကိုမောပါတယ်လေ.. ခုတော့ ရေးတော့မယ်.. မည်သို့ပင်ဖြစ်စေကာမူ ရေးပြီကွယ်.. 2012 မေဒေးနေ့မှာ အိမ်ထောင်သည်အဖြစ် ဘ၀ပြောင်းခံယူပါတယ်.. ထမင်းဟင်းဆိုတာ စားပွဲခုံပေါ်ကရတာ ဖွထားသမျှတွေဟာ သူ့အလိုလိုရှင်းသွားတယ်လို့ ထင်မှတ်ထားခဲ့သူတစ်ယောက်အဖို့ အိမ်ရှင်မဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွယ်ကူပါ့မလားနော်. ဒီလိုနဲ့ပဲ ကိုယ်ဘလော့တွေပေါ် ပြန်ရောက်ခဲ့တယ် အချက်အပြုတ်များလေ့လာရန် အိမ်ထောင်ထိန်းသိမ်းမှုများသိစေရန် အများတကာအိမ်ရှင်မများ၏တနေ့တာကို အတုယူရန်ပေါ့.. ကဲ ကိုယ့်ဘလော့ပိုးလေး ပြန်ထိုးလာခဲ့ပြီတည်း..

ပင်ပန်းတယ် အိမ်ထောင်သည်အမျိုးသမီးတစ်ယောက် အိမ်အလုပ်ဟုခေါ်သော လက်ညှိုးထိုးပြရန်မလွယ်ပေမယ့် အလွန်ပင်ပန်းလှစွာသော အလုပ်များအပြင် ကိုယ်ပိုင်ဝင်ငွေကို ရူးသွပ်စွာနဲ့ အပြင်အလုပ်ပါ လုပ်မိလေတော့ မက်မိတဲ့လစာနဲ့ မထွက်ဖြစ်ခဲ့ အိမ်မှာလည်း အိမ်ရှင်မကောင်းပီသချင်..ဒီလိုနဲ့ပဲ စိတ်ဖိစီးမှုတွေ တပွေ့တပိုက် ဖြစ်လာခဲ့ပါပြီ.. စိတ်ထွက်ပေါက်ငယ်တစ်ခု ရှိစေရန် စာရေးပါတယ်.. ခံစားရသမျှ မြင်သမျှ သိစေချင်သမျှ စိတ်ဒီရေအတက်အကျအတိုင်း အဖြစ်အပျက်တွေကို စာစီပါ့မယ်.. ကိုယ်စိတ်သက်သာစေရန် ဘလော့ရောက်သူ အများသူငါ စိတ်အပန်းပြေစေရန် တစ်စုံတစ်ရာရရှိသွားစေရန် ရည်ရွယ်လိုက်ပါတယ်...ကိုယ်ဟာဘယ်လိုလူလဲဆိုတာ သိစေဖို့တော့ 2010တုန်းက ရေးထားတဲ့ကဗျာလေးရှိပါတယ်.. ဖတ်ကြည့်လိုက်ပါလေ အဲ့လူဟာ ကိုယ်ပါပဲ(ခေါင်းမပါဘူး:P)


ငါဟာငါပဲ

နေချင်သလိုနေတတ်တယ်
ဘယ်သူ့ကိုမှတော့ မထိခိုက်ဘူး

မိသားစုကလည်း ဦးစားပေးတယ်
ချစ်သူကလည်း ဦးစားပေးတယ်
ဘယ်သူနဲ့မှတော့ ပခုံးချင်းယှဉ်မနေဘူး

စိတ်ထဲကမပါရင် ပြုံးတောင်မပြတတ်လို့
အပေါ်ယံဟန်ဆောင်တာတွေ ငါ့အပေါ်လျှော့စမ်းပါ

အရှိကိုအရှိ အမှန်ကိုအမှန်ပဲ
လျို့ဝှက်တဲ့ အတတ်ပညာကို ငါမကျွမ်းကျင်ဘူးလေ

ကိုယ့်အလုပ်ကိုယ်လုပ်ပီး ကောင်းအောင်ကြိုးစားနေတယ်
အနိုင်တော့လာမကျင့်နဲ့
ဥပေက္ခာဆိုတဲ့ စကားလုံးကို ငါအရမ်းရင်းနှီးတာ



မီးချစ်


ဘလော့ကို အသက် (27) နှစ်ပြည့် မွေးနေ့အမှတ်တရ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မိတ်ဆက်ပါတယ်
မလိမ်မိုး မလိမ်မာလေးမို့ မသိသည် မတတ်သည်များကို သွန်သင်ထောက်ပြပေးကြပါလို့............