Showing posts with label သား. Show all posts
Showing posts with label သား. Show all posts

Saturday, January 16, 2016

RESIGN FEELING



အလုပ်ထွက်စာတင်လိုက်ပြီ
နားချင်တာပဲသိတယ်.. သားအနားနေချင်တာပဲ သိတယ်.. သားကို ကလေးထိန်းသူနာပြု (သူ့အပေါ်အလွန်စိတ်ရှည် အလွန်အပြုစုကောင်းတာပါ) သူစိမ်းနဲ့ပဲ ထားရတာ အားနာလှပြီ.. သားကို ကျောင်းမပို့ခင် အပြင်လောကသင်ယူမှုအတွက် အချိန်များများပေးစရာမလိုသေးခင် မေမေ့ရင်ခွင်ထဲ အပြည့်အဝေနေပါစေဦး.. သူများ ကလေးတွေလို အမေနဲ့တူတူ အိပ်ယာထ.. အမေချက်ကျွေးတာလေးစား.. ဝေရာဝစ္စအကုန် အမေပြုစုပေးတာခံ နေပါစေဦး.. အမေနောက်တကောက်ကောက်လိုက်.. ကလေးအခွင့်အရေး အပြည့်အ၀ ရပါစေဦး
အဲ့ဒီအတွက် မေမေလူပင်ပန်းမှာပါ.. ဒါပေမဲ့ အခုလို သားကိုအိမ်မှာထား အပြင်ထွက်ငွေရှာနေပေမယ့် စိတ်ကအိမ်ကိုပဲရောက်နေတဲ့ စိတ်ပင်ပန်းခြင်း ဒဏ်နဲ့တော့ကင်းပြီ.. သားအပေါ်ငါ တရားရဲ့လား သူ့အတွက် ငွေကြေးထောက်ပံ့မှု သူလိုအပ်ချိန်မျက်နှာမငယ်စေချင်တဲ့ စိတ်နဲ့ ငါရှာဖွေနေတာတွေ သူနားလည်ပါ့မလား တစ်ချိန် ငါ့များအပြစ်တင် သားကလေးအားငယ်စိတ်ဝင်မလားဆိုတဲ့ စိတ်ဖိစီးမှုလျောတော့မယ်..
တိုးလာမှာတွေက - ကိုယ်ပိုင်ဝင်ငွေမရှိတော့ဘူး.. အိမ်ထောင်ကျသော်လည်း အိမ်ထောင်ဘက်အပေါ် ၀န်ထိုးဝန်ပိုးမဖြစ်စေပဲ ကိုယ့်ဝန်ကိုယ်ထမ်းခဲ့တဲ့ ကိုယ်ပိုင်ဝင်ငွေအတွက် လက်မထောင်ခဲ့တဲ့ ရက်တွေရှိလာတော့မှာ မဟုတ်.. ပိုက်ဆံတန်းတူမရှာနိုင်တဲ့ မိန်းမကို အပြစ်တင်ညိုညင်လားမလား မသိနိုင်.. သူ့ဆိုင်နဲ့ကိုယ့်ရုံး နီးနီးနားနား အတူတူပြန်ခွင့်ရနေရာကနေ မိန်းမနဲ့အတူမပြန်ရတော့ လမ်းကြောင်းတွေ ဘယ်ကိုရောက်မယ် မသိနိုင် (ဒါပေမယ့် အဲ့လိုယောကျာ်းမျိုးမဟုတ်မှန်း ရာနှုန်းလွန် ယုံကြည်ရသောသူဖြစ်ပေမယ့်လည်း).. အစစအရာရာ အိမ်အတွက် သားအတွက်တင်မက ကိုယ်တစ်ကိုယ်ရည်အသုံးစရိတ်အတွက်ပါ ချီးအစသေးအဆုံး လက်ဖြန့်ရတော့မယ် (အဲ့ဒီအချက်ကို အထိခိုက်ဆုံးပါပဲ).. ကိုယ့်ရဲ့ပေးဆပ်မှု နိစ္စဓူဝပြုမူနေရမယ့် အိမ်မှုကိစ္စတွေအတွက် အသုံးမလို လူပိုကြီးတစ်ယောက်လိုများ မြင်လားမလား.. မပြောနိုင်ဘူးလေ
ခုထိတော့ ကိုယ့်ဆုံးဖြတ်ချက် မှန်တယ်ထင်နေတုန်းပဲ.. မနေ့ညက သားနဲ့ အိပ်ခါနီး conversation လုပ်ကြည့်တယ်... မေမေနဲ့နေမယ်.. မေမေရုံးမသွားနဲ့ စတဲ့ သားရဲ့ အမေအပေါ်လိုအပ်ချက်တွေ လိုအပ်နေသေးတာတွေ အပြည့်အ၀တွေ့ရတယ်.. တော်ပီ .. ဒုန်းဒုန်းချပလိုက်ပြီ.. ကိုယ်ငွေရှာတာ ခဏရပ်ဦးမယ်



တစ်ခုကအလုပ်ထွက်မယ် အသံကြားတာနဲ့ နောက်တစ်ခုကလှမ်းခေါ်တယ် လစာကောင်းမယ်တဲ့ အိမ်နဲ့လည်းနီး လမ်းလျှောက်သွားရုံသာ.. ဒါပေမယ့် ကိုယ့်စိတ်ကိုယ် အောင်လိုက်နိုင်ပါတယ်.. ကလေးထိန်းလိုက်ဦးမယ် ကျောင်းလေးဘာလေး တက်ဦးမယ်.. ဂျာမန်စာလေးဆက်လုပ် အမ်ဘီအေဖြေကြည့် စတာလေးတွေနဲ့ အိမ်မှာပဲနေဦးမယ်လို့ ငြင်းပလိုက်နိုင်ပါတယ်
ဝမ်းသာပါတော့ ကလေးရေ.. မင်းအတွက် မေမေ့အတ္တတွေ အချိန်မရွေးချနင်းလို့ မင်းလိုအပ်မယ်ထင်တဲ့ ပုံစံမျိုးနဲ့ အမြဲရှိနေပေးခွင့် ရချင်တယ်

Tuesday, December 15, 2015

၅၂၈



သားကို ခုထိနို့မဖြတ်ရက်သေးတော့ .. အမေနို့သိပ်ကြိုက်တဲ့သားသားက ညတိုင်း နို့စွဲတုန်းပေါ့.. မအိပ်ရပါ
မမွေးခင် ကိုယ်ဝန်လရင့်လို့ အိပ်ရေးပျက်သည်မှစ ဒီနေ့ထက်တိုင် တစ်ညမှ အိပ်ရေးဝခြင်းဖြင့် မအိပ်ခဲ့ရပါ.. ဒါမဲ့ နေသားကျနေပါပြီ.. အရင် အပျိုဘ၀မှာသာဆို ဒီလိုအိပ်ရေးပျက်လို့က သေချာတယ် မူးတာတွေရူးတာတွေ ဖြစ်နေလောက်ပြီ.. ဒီလိုလည်း run နေနိုင်မယ် မဟုတ်ပေဘူး.. ခုတော့ မိဘဆိုတဲ့မေတ္တာတွေ အသွေးထဲအသားထဲ စီးဆင်းနေခဲ့ပြီ.. ဘ၀မှာလည်း အတော်နေပျော်တဲ့အသက်ရွယ်ရောက်ခဲ့ပြီဆိုတော့ ခံနိုင်ရည် ရှိနေပါပြီလေပေါ့
ကိုယ်တစ်ယောက်တည်း အိပ်ရေးပျက်တယ်မထင်ပါနဲ့ သူ့အဖေလည်း အိပ်ရေးပျက်ပါတယ်.. မဟုတ်ရင် ဘယ်မျှတပါ့မလဲ
ဒါမဲ့လည်းလေ ကိုယ်နှိုးမှသူက အိပ်ရေးပျက်ရတာပါ.. ကိုယ်တွေ မိခင်ဘ၀များတော့ ဘယ်သူမှမနှိုးလည်း ကိုယ့်စိတ်က အလိုလိုအနှိုးခံနေရ.. ပါးကလေးစမ်း လက်ကလေးခြေကလေးစမ်း အေးနေလားဟဲ့ ကျောတွေစမ်း ချွေးတွေထွက်လို့များ ချွေးနဲ့ပြန် အအေးပက်နေမှာလား.. နေမကောင်းရင် သူများနဲ့တူတာမဟုတ်.. အလွန်ဆေးတိုက်ရခက်.. အဲ့သည်ကြားထဲ ခဏခဏ ချူချာလေတော့ ဒီအမေ ဖြောင့်ဖြောင့်မအိပ်နိုင်တာ မဆန်းပါဘူးနော်

အဲ့လိုတွေ တစ်ညတစ်ညအိပ်ရေးပျက်နေပေမယ့် မနက်မထနိုင်ပေမယ့် ကြိုးစားပမ်းစားထလို့ တစ်ခါတစ်ရံ ထမင်းဟင်းချက်ခဲ့ပါသေးတယ်.. ကိုယ်မှမချက်ရင် သူ့အဖေက အလုပ်ချိန်နည်းသူမို့ ချက်ရလေတော့ ကိုယ့်အပေါ်ငြိုငြင်သပေါ့လေ.. တရားကျတယ်နော်
အလုပ်လုပ်ရတာလဲ သိပ်တော့မကာမိဘူးတောင် ပြောရမလားပဲ.. လစာကောင်းတာပဲ လူမြင်တာ.. အသွားအပြန် ကားခ.. ထမင်းဗူးမထည့်နိုင်တော့ ၀ယ်စားတဲ့စားရိတ်.. ဒါပေမဲ့လည်းလေ သူ့အဖေလိုတဲ့အခါ အလုံးလိုက်ပေးနိုင်လေတော့ အဲ့ဒါလေး အားတင်းပြီး လုပ်နေရတာပေါ့.. တကယ်တော့ သူ့အဖေပိုက်ဆံတွေသည်လည်း ကလေးထိန်းခ အိမ်စရိတ် သားအတွက်အစစအဆင်ပြေအောင် ငွေလမ်းခင်းနေရတာပါပဲ.. အဲ့တော့ ကိုယ်တွေမှာ ပင်ပန်းသလောက် အရာမထင် မစုမိနိုင်
အိမ်ငှားနေရတဲ့ဘ၀ဆိုတော့ ပိုဆိုးပြီပေါ့.. သားအတွက် အိမ်ပိုင်လေးရနိုးဆိုတဲ့ ဇောနဲ့သာ နှစ်ယောက်စလုံး အပင်ပန်းခံ ကြုံးရှာနေကြတာ.. တကယ်တော့ သူရောကိုယ်ပါ ခါးချည့်လှပြီ
သူ့မလည်း အိမ်ရှင်မက သူများတန်းတူ အိမ်အတွက် 24နာရီ တာဝန်မထမ်းဆောင်နိုင်တော့ သူပါ တစ်နိုင်ဝင်ထမ်းပေါ့.. ကိုယ့်မလည်း သူ့လုပ်စာတစ်ခုတည်းနဲ့ မရပ်တည်ရဲတော့ အိမ်နေချင် သားနားကပ်ချင်ပေမယ့် အပြင်ထွက် အလုပ်လုပ်နေရ.. မောပါတယ်

မနက်မိုးလင်းကနေ စပင်ပန်းလိုက် စိတ်ဖိစီးလိုက်တာ ညအိမ်ပြန်ရောက်ချိန် သားသားရဲ့ တစ်နေ့တစ်မျိုး မရိုးအောင် လည်နေတာတွေ.. ဥာဏ်ရည်ထက်မြက်နေတာလေးတွေကြောင့် သိပ်စိတ်ချမ်းသာရပါတယ်.. ကိုယ်ဝန်ရှိကတည်းက ကျွန်မအစိုးရိမ်ဆုံးက သားဥာဏ်ရည်ပါ.. ကျွန်မတောင်းတဲ့ဆုက တစ်ခုတည်းပါ သူများနည်းတူ သင်ယူနိုင်စွမ်းရှိသူ ဖြစ်စေချင်တာပါပဲ.. ကျွန်မရဲ့ plan ကိုက ကိုယ့်သားသမီးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တွန်းတင်ပံ့ပိုးပေးမယ်.. သူသာ လက်ခံယူနိုင်သူ ဖြစ်ဖို့ပါပဲ.. ခုတော့ ကျွန်မဆုတောင်းအတွက် အတိုင်းထက်အလွန် ပြည့်ခဲ့ပါတယ်.. ငယ်စဉ်ကတည်းက အစားအသောက်ကို အရမ်းဂရုတစိုက်ကျွေးမွေးခဲ့ရတဲ့ အကျိုးပါ.. ကလေးများအတွက် အစားအသောက်ဆိုတာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အပြင် ဦးနှောက်ထက်မြတ်ဖို့အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ပါ.. နှို့မှုန့်တိုက်ရတာချင်းတူရင်တောင် ပိုအကုန်ခံ အပင်ပန်းခံပြီး DHA ပါတဲ့ နှို့မှုန့်ကိုမှ မှာတိုက်ခဲ့တာပါ.. ပစ္စည်းကွာလတီချင်းမတူမှာစိုးလို့ မြန်မာပြည်ကိုဝင်တဲ့ minus ပြနေတဲ့ အရည်အသွေးမမီတွေကိုရှောင်ပြီး ပို့ခတွေပိုအကုန်ခံလို့ ပြည်ပကကိုမှာတိုက်ဖြစ်ပါတယ်.. အင်တာနက်မှာ တစ်နေ့တစ်နေ့ မရိုးအောင် လှည့်ပတ်ရှာ မှတ်လာ.. မရမက လိုက်ရှာဝယ်ပြီး ဒီအရွယ်မှာ ဒီအသီး ဒီအသက်မှာတော့ ဒီငါးစားရမယ် စသဖြင့် အလွတ်မခံ အကုန်အတိအကျ လိုက်နာကျွေးမွေးခဲ့ပါတယ်.. ဘာမှပြန်ရလိုစိတ်မရှိပဲ သူလေးဘ၀ မြင့်တက်စေချင်တဲ့ မိဘရဲ့ ၅၂၈ အေးချမ်းတဲ့မေတ္တာသက်သက်နဲ့ပါ။ ။

တစ်နှစ်ဆယ်လ သားသား


ဘလော့ကို ဘယ်လောက်များ ပြစ်ထားသလဲဆို စာရေးဖို့ blogger dashboard ကိုတောင် မ၀င်တတ်တော့တဲ့အထိ
သိပ်တော့ အချိန်မပေးလိုက်ပါဘူး အကုန်ပိတ်ပြီး အစကနေပြန်ဖွင့်ပလိုက်တာပဲ ဟဲ ဟဲ
ဂျီမေးလ်အကောင့်ကလည်း ကိုယ့်မှာ ပါစင်နယ်နဲ့ အလုပ်ကိစ္စဆိုပြီး နှစ်ခုသုံးနေလေတော့ အကောင့်မှားဝင်မိတာက တပြသနာပေါ့လေ ဒါလည်း နိုးပလော်ပလန်ပါ
တကယ်တော့ ဘလော့မှာ စာတွေရေးချင်နေမိတာ သားသားကြီးပြင်းလာပုံအဆင့်ဆင့်လေး သူ အ၇ွယ်ရလာတဲ့အခါ ပြန်ဖတ်ဖို့ တင်မယ်တင်မယ် နဲ့ ပုံကအလွယ်တကူမရှိ ဘယ်ကစရေးရမှန်းမသိ.. မရေးတာကြာတော့ ရေးရမယ့်အကြောင်းအရာတွေကများ.. ခုတော့ စိတ်ပေါက်နေတုန်း ကမန်းကတန်းဖွင့်ရေးလိုက်တာ ဖတ်မိဖတ်ရာကသာ စဖတ်လိုက်ပါ မေ့ချစ်ဆုံးလေးရေ
သားသားတောင် 2နှစ်ပြည့်တော့မယ်.. လည်နေတာပေါ့ အစွမ်းကုန်.. ကိုးလကတည်းက စကားစပြောတဲ့သားသား ငါးလနဲ့မေမေလို့ ပီပီကြီးခေါ်နေတဲ့သားသားက ခု အရွယ်မှာ complaint လေး အငြင်းသန်လေး ဖြစ်နေပြီလေ
တစ်ခုခုဆို မဟုတ်ပါဘူးလို့ လူကြီးကပြင်ပေးရင်တောင် သူပြောတာပဲ အမှန်လုပ်ပြီး အတင်းငြင်းတတ်တာမျိုး ဆိုဆုံးမ မရဖြစ်မှာ စိုးမိပေမယ့် အဲ့လို ပြန်ပြန်ကပ်တာလေးကိုက ချစ်နေရတာ
ဥပမာ သူ့အကြိုက် babytv channel ကြည့်နေလို့ ကြက်ကလေးတွေလာတော့ သူ့အဖေက ကြက်ကြက်ပေါ့ သားသား .. သူက ကြက်မဟုတ်ပါဘူး ငှက်ပါ လို့ အဲ့လိုတစ်လုံးချင်းစီ ပီပီကြီးပြန်ပြောတာလေ.. သြ ကြက်ပါဆိုလည်း မဟုတ်ပါဘူး ငှက်ပါ နဲ့ လူကြီးလက်မလျှော့မချင်း ဇွဲကောင်းကောင်းနဲ့ ဖင်ပိတ်ငြင်းတာပေါ့...

ခုတလော သားသား အစားစားလာလို့ မေမေ၀မ်းသာရတယ် တစ်နှစ်နဲ့ဆယ်လမှာတောင် ပေါင်ချိန် 10kg ပဲ ရှိတဲ့သားလေးကို မေမေစိတ်ပူရလို့ ပါရမီဆေးရုံမှာ healthy child program မှာ မှတ်ပုံတင်ပြီး သုံးလတစ်ခါ ကျန်းမာရေးစစ်ဆေးဖြစ်တယ်.. အရမ်းကြီး ဖွံ့ဖွံထွားထွားဖြစ်စေချင်တာမျိုး မဟုတ်ပေမယ့် ရောဂါတစ်ခုခုဝင်နေလို့ မေမေမသိလိုက်ပဲ နောက်ကျမှာအစိုးရိမ်ဆုံးပဲလေ.. ကလေးတွေမှာ ခန္ဓာကိုယ်အလေးချိန်သည်လည်း အရေးကြီးသော လက္ခဏာတစ်ခုမဟုတ်လား
ခု တတိယတစ်ကြိမ်အပြမှာတော့ သားက 0.5kg လျော့သွားတယ် .. မေမေမပြုံးနိုင်တော့ဘူးလေ .. ပထမဆုံးအကြိမ်မှာ သားဟာကိုယ်အလေးချိန်နည်းပေမယ့် အစားအသောက်သူတို့အကြံပြုသလို ပြောင်းပေးလိုက်တော့ ဒုတိယသုံးလပတ်မှာ သားဟာ အလေးချိန်ပြန်တက်လာခဲ့လတယ် မေမေတပြုံးပြုံးပေါ့
ခု 28.11.2015 မှာ အလေးချိန်လည်းကျ ဒီသုံးလကြားထဲမှာလည်း နှစ်ခါပြန်တောင်ဖျားလိုက်တော့ မေမေစိတ်ပူပူနဲ့ တီဘီတွေဘာတွေ စစ်ဖို့လိုမလားလို့ ဆရာဝန်ကို မေးလိုက်တယ်.. သားသားဖိုးဖိုးကလည်း သားသားတစ်နှစ်ပတ်ချာလည်လောက်မှာ တီဘီဖြစ်လို့ ဆေးသောက်ရသေးတယ်လေ သားနဲ့တူတူမနေပေမယ့် တစ်ခါတစ်လေလာလည်ရင်ကျတော့ သားသားကအဖိုးပဲ ကပ်တာကိုး
အဲ့ဒါနဲ့ မေမေလည်း စိတ်ချရအောင်စစ်လိုက်မယ်.. ဆရာဝန်နဲ့ဆရာမတွေကလည်းပြောတယ် စစ်လိုက်ပါ တီဘီရှိနေလည်း စောစောကုရင် မြန်မြန်ပျောက်တယ်.. မွေးထားသလိုကြာနေရင် တီဘီက တခြားကလီစာတွေဆီ ပြန့်သွားမယ် ကုရခက်တယ် ဆိုတော့ မေမေလည်းစစ်ပလိုက်တယ်..


အဲ့တစ်ေ်ခါက်က သားကိုသွားစစ်တော့ မေမေနဲ့တူမ၀မ်းကွဲလေးရယ်ပဲ သားဖေဖေကမပါ.. ဘာမဆို သားဖေဖေကိုအားကိုးတတ်တဲ့ မေမေက နောက်တစ်ခေါက်မှလာထပ်စစ်ရမလားလို့ စဉ်းစားလိုက်သေးတယ်.. ဒါမဲ့ တစ်ရက်တစ်မနက်နဲ့ နောက်ကျသွားရင် ငါပဲ နောင်တရမယ်ဆိုပီး အားတင်းပြီး စစ်လိုက်တယ်.. သားကို သွေးဖောက်တာ ဓါတ်မှန်ရိုက်တာအားလုံး မငိုမိအောင် မနည်းတင်းရင်းပေါ့.. သားကို အားရှိအောင် ပြောပြပေးရတယ်.. သားသားရေ မမကသွေးဖောက်မယ် သားကိုအပ်နဲ့ထိုးမယ်နော် နည်းနည်းလေးပဲနာမယ် သားသားကအားရှိတယ်နော် ဆိုပြီး ခဏခဏ ရွတ်ပြောပြောပေးရတယ် ဒါတောင် သားကနည်းနည်းငိုတယ်.. ပုံမှန်ဆို တအားငိုမယ့်သားသားက မေမေ့စကားတွေကောင်းကောင်း နားလည်နေတော့ အားရှိတယ်ဆိုပြီး တင်းထားပုံရပါတယ်.. ချစ်လိုက်တာ
ဓါတ်မှန်ရိုက်တာတော့ သားတအားငိုတယ် မနာပေမယ့် တစ်ကိုယ်လုံးချွတ်ပြီး ကုတင်ပေါ်မှာ ပက်လက်ကြီးရိုက်ရတော့ မေမေအတင်းချုပ်ထားရတယ် သားရုတ်တရက်ငိုရင်း ထရပ်လိုက်ရင် စောင့်မိထိမိဖြစ်ကုန်မယ်လေ..
စစ်ဆေးတာတွေပြီးတော့ ရင်တမမဆုတောင်းနေရတယ်.. စိတ်ကိုလည်းပြင်ဆင်ထားတယ် တကယ်လို့သာ သားမှာတီဘီရှိနေရင် လစာဘယ်လောက်ရနေပါစေ ဒီအလုပ်ကို ငါထွက်ပလိုက်မယ်လို့.. ငါ့သားနားမှာ အချိန်ပြည့်နေပြီး တစ်ခါတည်းရောဂါအမြစ်ပြတ်အောင် ကုမယ်လို့ပေါ့
သုံးရက်စောင့်ပြီးတော့ အဖြေရတယ်.. အဲ့သုံးရက်ဟာ မေမေ့အတွက် သုံးလ သုံးနှစ်လိုပဲ သိချင်စိတ်တွေ သိပ်များနေတယ်.. အဖြေရမယ့်နေ့မှာတောင် ဆေးရုံမသွားရသေးခင် ဖုန်းလှမ်းဆက်မေးကြည့်သေးတယ်.. ဒါမဲ့ ဓါတ်ခွဲခန်းက အဖြေကြိုမပြောဘူး ဆရာဝန်နဲ့ ပြလိုက်ပါတဲ့
ညနေဘက် မေမေရုံးဆင်း ဖေဖေဈေးသိမ်းပြီးတော့ အိမ်ပြန်ကြ သားကိုခေါ် ဆေးခန်းပြေးကြတော့ သွေးအဖြေအားလုံး ကောင်းနေပါရက် ဓါတ်မှန်အဖြေက တီဘီလို့ပြောနေတယ် ဒါမဲ့ ကြည့်ပေးတဲ့ ဒေါက်တာဒေါ်ခင်နွယ်ဦးက အရမ်းကောင်းတယ်.. တီဘီဆေးမအွန်ချင်သေးဘူး သေချာအောင် နောက်ထပ် ဓါတ်မှန်ဆရာဝန်တစ်ယောက်နဲ့ second opinion တောင်းပါလို့ ပြောတယ်.. အဲ့ဒါနဲ့ ဓါတ်မှန်ဆရာဝန်ကြီး ဒေါ်အေးငယ်ငယ်နဲ့ ဖတ်ရမတဲ့.. ဓါတ်မှန်ကိုထပ်ခဲ့၇မယ် ဒါမဲ့ စနေနေ့မှာရမယ်တဲ့ .. ခု လာပြတာက တနင်္လာဆိုတော့ တစ်ပတ်နီးနီးစောင့်ရမှာပေါ့.. မေမေ မထပ်ခဲ့လိုက်ဘူး.. သားသားဖွားဖွားက အမျိုးသမီးဆေးရုံကြီးမှာ သူနာပြုဆိုတော့ အဲ့က ဓါတ်မှန်ဆရာဝန်တွေကို ဒီကြားထဲ ဖတ်ခိုင်းဦးမယ်ဆိုပြီး ပြန်ယူလာခဲ့တယ်.. အဖြေကို စောနိုင်သမျှစောစော သိချင်တယ်လေ..
အဲ့လိုနဲ့ အမျိုးသမီးဆေးရုံကဆရာဝန်ကြီးကဖတ်တော့ ဓါတ်မှန်မှာ အဆုတ်သည် clear ပါတဲ့.. တီဘီမရှိဆိုမှ မေမှော ဟင်း ချနိုင်တယ်... စနေရောက်လို့ ဒေါ်အေးငယ်ငယ်နဲ့ ပြန်ဖတ်တော့လည်း တီဘီမရှိပါပဲ..
ကျေးဇူးတင်ပါတယ် မေမေ့သားလေးရယ်